Lauren Oliver ရဲ့ “Hope keeps you alive.” ဆိုရိုးလို မျော်လင့်ချက်နဲ့ လူသားတွေအသက်ရှင်နေတာပါပဲ။ ငါတစ်နေ့တစ်ချိန်မှာ ဒီနေရာ၊ ဒီအလုပ်၊ ဒီလိုဘ၀နဲ့ နေထိုင်နိုင်ရမယ်ဆိုတဲ့ ရည်မှန်းချက်တွေ၊ အိမ်မက်တွေကြောင့် တစ်နေ့ပြီးတစ်နေ့ အသက်ရှင် ရပ်တည်နေကြတာ မဟုတ်ပါလား။ လူငယ်တွေကိုအားပေးချင်တာကတော့ ဘ၀မှာ ဘာမှ မမှားဖူးလေလေ၊ မရှုံးဖူးလေလေ ဘာမှမလုပ်ဖူးတဲ့လူဖြစ်ကြောင်းထင်ရှားသလို ဘာကောင်မှလည်းဖြစ်လာမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် များများကျရှုံးလေလေ များများအတွေ့အကြုံရလေလေ၊ များများ အချိန်ရလာတာနဲ့ ပိုပြီး လုပ်ရဲကိုင်ရဲ ဖြစ်လာတဲ့အတွက်ကြောင့် ဘယ်လိုလုပ်ရင်ဘယ်လိုဖြစ်နိုင်လဲဆိုတာ သိလာမှာဖြစ်တယ်၊ ယုံကြည်မှုတွေပိုတိုးလာတယ်ဆိုပါတော့။ ဒါကြောင့် အောက်ပါအချက်တွေကိုနှလုံးသွင်းထားဖို့လိုပါတယ်။
ပညာသင်ဆုလျှောက်မယ်လိုစီစဥ်ထားသူကျောင်းသူကျောင်းသားများအနေဖြင့် ရလာတဲ့ ရလဒ် အကောင်းအဆိုးကိုလက်ခံရမှာဖြစ်ပါတယ်။ ရသွားရင်ကိုယ့်ရဲ့အိမ်မက်တွေ စပြီးအကောင်အထည်ဖော်လို့ရပါပြီး။ မရရင်လည်းကိုယ့်အနေနှင့် ဘာတွေပြန်ပြီး လုပ်လို့ရသလဲဆိုတာ စီစဥ်ထားရမှာဖြစ်တယ်။ အဲ့ဒီအတွက်ရောဘာတွေပြင်ဆင်ထားသလဲ ဆိုတော မေးကြည့်ပါ။ လွယ်လွယ်နဲ့လက်လျှော့လိုက်ရင် ဘာရနိုင်မလဲပြန်မေးပါ။ ဒီလမ်းကြောင်းတစ်ခုထဲရှိတာလား၊ တစ်ခြား လမ်းကြောင်းတွေနဲ့ လိုက်လို့ရမလားဆိုတာ ပြန်မေးပါ။ တကယ်တော့ ဘ၀မှာ အောင်မြင်နေသူအများစုက တစ်ခါ နှစ်ခါနဲ့ ကြိုးစားပြီး လက်လျှော့လိုက်ကြသူတွေမဟုတ်။ အခါပေါင်း ဆယ်ရာနဲ့ ချီပြီး ရုန်းကန်ခဲ့ပြီးမှ တက်လှမ်းလာကြသူတွေများပါတယ်။
ကျောင်းသားအတော်များများက ပညာသင်ဆုလျှောက်တဲ့အခါမှာ လုပ်လေ့ရှိတာက ပညာသင်ဆုတစ်ခု နှစ်ခု ကိုပဲ ရွေးပြီးလျှောက်ထားကြတယ်။ ဒီအချက်ကို ဥပမာပေးရရင် ကိုယ်က ထီပေါက်ချင်တဲ့ဆိုရင် ထီအစောင်များများ ထိုးမှ ပေါက်နိုင်ချေပိုများသလိုပဲ။ ကိုယ်က ပညာသင်ဆု (၃)ခုရှိမယ်ဆိုရင် ရရ မရရ အကုန်လုံးလျှောက်ထားစေချင်တယ်။ ကိုယ်က တစ်ခု ပဲလျှောက်ရင် ဒီတစ်ခု ကရာနှုန်းပြည့် ရချင်မှရမယ်။ များများလျှောက်လေ များများမျှော်လင့်ချက်ရှိလေဖြစ်ပါတယ်။ လျှောက်တဲ့နေရာမှာလည်း ကိုယ့်အလုပ်အတွေ့အကြုံ၊ ၀ါသနာတွေနဲ့ ကိုက်ညီရင်တော့ ပိုကောင်းပါတယ်။ ကျွန်တော်လျှောက်ခဲ့တုန်းကတော့ အနည်းဆုံး (၃)ခုလောက်ကိုတွဲလျှောက်တယ်။ ဒီထက်မက ရှိလာမဲ့ ပညာသင်ဆုတွေကိုလည်း လျှောက်ဖို့ ပြင်ထားခဲ့သေးတယ်။ ပထမနှစ်လျှောက်တုန်းကတော့ ကံခေတယ်ဆိုရမလား၊ အခုတိုင်းလွဲကြတယ်။ ဒုတိယနှစ်လျှောက်မှ (၃)ခုလောက်မှာ (၁)ခုလောက်ကျန်ခဲ့တယ်။ Bachelor’s Degree အတွက် ပညာသင်ဆုကို Child’s Dream ကနေအပြည့်ရရှိခဲ့တယ်။ လေးနှစ်စလုံး ပူပင်စရာမလို ရေမီးအစုံလို့ပြောနိုင်တယ်။ နောက် Master’s Degree တန်းအတွက်ကိုတော့ Institute for International Education (IIE) ဆီကနေ အပြည့်ရခဲ့ပါတယ်။ Master’s Degree အတွက်လျှောက်တုန်းကဆိုရင် ပညာသင်ဆု ၃-၄ ခုလောက်အထိလျှောက်ခဲ့ရတယ်။ လိုအပ်ချက် တွေရှိခဲ့လို့ လွဲချော်ပြီး နောက်ဆုံး IIE ကနေရသွားခဲ့တယ်။ ကိုဗစ်ကာလဖြစ်နေခဲ့တာရယ် လိုအပ်တဲ့စာရွက်စာတမ်းတွေ မစုံတာရယ်ကြောင့် အစီအစဥ်တွေ နှောက်နှေးကြန့်ကြာ သွားခဲ့တယ်လို့ပြောလို့ရတယ်။ ဒါကြောင့် အချိန်မဆွဲပဲ မဆိုင်းမတွ နဲ့လိုအပ်တဲ့ စာရွက်စာတမ်းတွေကို စုဆောင်းထားပြီး ပြင်ဆင်ထားဖို့ အကြံပြုချင်ပါတယ်။
ပညာသင်ဆုလျှောက်ထားသူကျောင်းသားတွေတိုင်း ရချင်ကြတာချည်းပဲ။ ဒါကလျှောက်ထားတဲ့လူတိုင်း ရလိုချတယ်။ ရသွားရင်လည်း ဘ၀တစ်ဆစ်ချိုး ပြောင်းလဲသွားလို့ဖြစ်တယ်။ ဆိုတော့ မေးစရာရှိတာက မရသွားခဲ့ရင်ဘာတွေလုပ်ကြမလဲပေါ့။ ကိုယ့်မှာ Plan A, B, C, D. etc… ဆိုပြီးရှိထားသင့်တယ်။ တစ်နှစ်ပြီးတစ်နှစ် ပညာသင်ဆုအလာကိုပဲ ထိုင်စောင့်ပြီးလျှောက်နေလို့မရလို့ ပညာသင်ဆုမရခဲ့တဲ့နှစ်စပ်ကြားမှာ ဘယ်လိုအလုပ်တွေလုပ်နေမလဲ။ ဒီအတွက်ကျနော်တစ်ဦးထဲမြင်တဲ့အကြံတွေပေးချင်ပါတယ်။ လုပ်ရမယ်လို့မဆိုလိုပါ။
ဆိုတော့ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်က တက္ကသိုလ်ပညာရေးတက်ပြီး ဘွဲ့ရအလုပ်လုပ်မယ်၊ နေရာတစ်ခုရောက်အောင်လုပ်ကြမယ်။ ဒါပေမဲ့ ပညာသင်ဆုနှင့်ပဲတက်ချင်ကြတယ်ဆိုပါစို့။ ကိုယ့်အနေနှင့် ပညာသင်ဆုမရခဲ့ရင် ဘာတွလုပ်ထားနိုင်သလဲဆိုတော့ အရင် ပညာသင်ဆုလျှောက်တုန်းက ပြီးပြည့်စုံခြင်းမရှိခဲ့ဘူး။ ဒါကို ပြန်ပြီး ကိုယ်ဆက်တက်မဲ့ ဘာသာရပ်နဲ့ကိုက်ညီတဲ့ အလုပ်မျိုးကို Intensive ဆင်မလား၊ အလုပ်ငန်းခွင်တစ်ခုမှာ volunteer အနေနှင့်၀င်လုပ်ထားမလား။ လာမဲ့နှစ်အတွက်ပညာသင်ဆုထွက်လာရင် ကိုယ်က အလုပ်အတွေ့အကြုံအတွက်တစ်ဗန်းသာထားပြီးလို့ပြောလို့ရတယ်။ ဒါ့အပြင်လိုအပ်တဲ့ သင်တန်းတွေကိုတက်ထားမလား။ ကိုယ့်အနေနှင့် ပညာသင်ဆုကို တစ်ကြိမ်ပဲလျှောက်ပြီး နောက်နှစ်တွေအတွက်ထပ်မလျှောက် ရင်တော့ ကိုယ်ကြိုက်ရာလုပ်ငန်းမှာ ခြေစုံပစ်၀င်လိုက်မလား၊ ကိုယ်၀ါ၀နာပါတဲ့ အလုပ်ကိုပဲ ဇောက်ချလုပ်ကိုင်တော့မလား ဆိုတဲ့ Plan တွေချထားသင့်ပါတယ်။ သို့မဟုတ်ရင် ပညာသင်ဆုမရခဲ့ပဲ ကိုယ့်မှာလည်း ဘာမှ ပြင်ဆင်ထားတာမျိုးမရှိရင် ဒုက္ခရောက်တတ်လို့ပါ။ ကျွန်တော့်တုန်းကလဲ ပထမနှစ်မရခဲ့တုန်းက ကိုယ့်အနေနှင့် ဆက်တက်မဲ့ ဘာသာရပ်နဲ့ကိုက်ညီတဲ့အလုပ်အကိုင် “သင်ကြားရေး”ကိုသာ ဆက်လက်အလုပ်အတွေ့အကြုံယူခဲ့ပါတယ်။ နောက်နှစ်လျှောက်တဲ့အခါ မှာ အလုပ်အတွေ့အကြုံ (၂)နှစ်ဖြစ်သွားပြီး။ ကိုယ်လဲတကယ်လူ့ပတ်၀န်းကျင်ကို တတ်နိုင်သမျှပြန်အကျိုးပြုတယ်ဆိုတာမြင်ရတယ်။ ကျွန်တော်တုန်းကတော့ အများဆုံး (၃)ကြိမ်အထိ ပဲလျှောက်မယ်လို့တွေးခဲ့ဖူးတယ်။ ဒါပေမဲ့ (၂)ကြိမ်လောက်နဲ့ အဆင်ပြေသွားတယ်ဆိုပါတော့။ ဒီအချက်တွေကလည်း ကံကြောင့်ချည်းမဟုတ်သလို၊ ကျွန်တော့်အနေ နဲ့ ပြင်ဆင်စရာတွေ၊ လေ့လာထားစရာတွေ လုပ်ထားလို့သာဖြစ်ပါတယ်။ ဘေးမှာ မေးနိုင်မဲ့ ဆရာ၊ဆရာမတွေရှိနေခဲ့တာကလည်း ကျွန်တော့်အတွက် အများကြီးအထောက်အကူဖြစ်စေခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဒီအတွက်လည်းကျွန်တော်ကို ပညာသင်ဆုလျှောက်နေတဲ့ကာလ တစ်လျှောက်ကူညီပေးခဲ့တဲ့ လူပုဂ္ဂိုလ်အားလုံးကိုကျေးဇူးအထူးတင်မိနေပါတယ်။
Activity-8