အထက်မှာ ပညာသင်ဆုအမျိုးအစားတွေကိုပြောခဲ့ပြီးဖြစ်လို့ ဒီအခန်းမှာတော့ ပညာသင်ဆုလျှောက်တော့မယ်ဆိုရင် ပညာသင်ဆုတွေဟာ ဘယ်သူတွေအတွက်ပဲ ဖြစ်လည်း ဆိုတာကို နားလည်သဘောပေါက်စေချင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကိုယ့်အနေနှင့် ကြိုးစားလျှောက်နေပေမဲ့ အရာမထင်နေတာ၊ မအောင်မြင်ရတာသည် တစ်ခုခုကြောင့်ဆိုတာနားလည်လက်ခံလိုက်ရင်ပြီး ရှေ့ဆက်တိုးသင့်မသင့် ချင့်ချိန်နိုင်ပါလိမ့်မယ်။ ဒီနေရာမှာ မလျှောက်စေချင်တဲ့စိတ်နှင့် ပြောနေခြင်းမဟုတ်ပါ။ တတ်နိုင်သမျှလည်းလျှောက်ဖို့အားပေးနေပါတယ်။ ကံတရားက ကိုယ့်ဖက်မှာရှိနေနိုင်ပါသေးတယ်။ ဆိုတော့ ပညာသင်ဆုတွေဟာ အောက်ဖော်ပြပါတစ်ချက်ချက်ထဲက ကိုက်ညီသူတွေများသာ ရလေ့ရှိပါတယ်။
(က) မိသားစုအတွင်းမှာ မိမိတစ်ဦးသာ တက္ကသိုလ်ပညာရေးကိုတက်လှမ်းနေသူ
ဒီအချက်ကတော့ရှင်းပါတယ်။ ပညာရေးနောက်ခံ နည်းတဲ့မိသားစုကလာရင်အောင် ပိုပြီး ပညာသင်ဆုရဖို့ အခွင့်အလမ်းများပါတယ်။ အကြောင်းကတော့ လိုအပ်တယ်၊ မိသားစုမှာလဲဒီလိုရှေ့ဆက်ပညာတက်လှမ်းသင်ယူဖို့ လုံလောက်တဲ့ အင်းအားမရှိတာကိုလဲပြသရာရောက်တယ်။ တနည်းအားဖြင့်တော့ ထိုက်တယ်တယ်လို့ပြောလို့ရပါတယ်။ ဆိုတော့ ကိုယ့်ရဲ့မိသားစုမှာပညာအရည်အချင်း ထိပ်ဆုံးမှာရှိနေကြတယ်ဆိုရင်တော့ ကိုယ့်အတွက်ရဖို့ ခက်ခဲနိုင်ပါတယ်။
ဥပမာကျွန်တော်ဆိုရင်လဲ အရှေ့မှာပြောထားခဲ့သလို အိမ်မှာ ကျွန်တော်တစ်ယောက်တည်းသာ တက္ကသိုလ် ပညာရေးကို ဆက်လက်သင်ယူဖို့ အခွင့်အရေးရခဲ့တယ်။ မိသားစုကလည်း ငွေကြေးထောက်ပံ့မနိုင်လို့ တစ်ခုတည်းသောနည်းလမ်းက ပညာသင်ဆုနဲ့သွားတက်ဖို့သာကျန်တယ်။
(ခ) မိသားစုနောက်ခံ ငွေကြေး မတတ်နိုင်သူ
သေချာပါတယ် ပညာသင်ဆုလျှောက်တဲ့ရည်ရွယ်ချက်က ငွေကြေးလိုအပ်လို့၊ အိမ်ကမထောင့်ပံ့နိုင်လို့ ဆိုတာထင်ရှားပါတယ်။ ဒီ့အတွက်ကြောင့် ဒီအခွင့်အရေးကိုလိုအပ်တယ်။ တစ်ခုဒီနေရာမှာ ကျွန်တော်ထောက်ပြချင်တာကတော့ မိသားစုက ငွေအင်အားတတ်နိုင်ပါလျက်နဲ့ ပညာသင်ဆုကို တိုးလျှောက်တာက မရှိတဲ့ကျောင်းသားရဲ့ နေရာကိုကိုယ်က ၀င်လုသလိုဖြစ်သွားနိုင်လို့ တစ်ခြားလူအတွက်လမ်းပိတ်စေမှုရှိတယ်လို့ပြောချင်ပါတယ်။ Partial scholarship လိုတာမျိုးကိုကတော့ သဘာ၀ကျပါတယ်။ ဆိုတော့ ကိုယ်လျှောက်တဲ့ ပညာသင်ဆုက ဘယ်လိုမျိုးနောက်ခံရှိသူတွေကိုပဲပေးတာလဲဆိုတာကို ဆန်းစစ်ပြီး လျှောက်ပါ။
(ဂ) လူအသိုက်အ၀န်းကို ပြန်လည်အကျိုးပြုချင်သူ
ကိုယ့်အနေနှင့် UN လျှောက်ထားတာတို့၊ UN မှတ်ပုံတင်ထားတာတို့၊ တတိယနိုင်ငံကိုသွားဖို့ စီစဥ်နေတာတို့ဆိုရင်လည်း မလျှောက်သင့်ပါဘူး။ ရနိုင်ခြေနည်းတဲ့အပြင် ပယ်ချနိုင်ချေရှိပါတယ်။ အကြောင်းကတော့ ပညာသင်ဆုရသွားတဲ့ကျောင်းသားများသည် မြန်မာနိုင်ငံရဲ့ အရေးကိစ္စတွေမှာ အလုပ်ပြန်လုပ်စေချင်တာဖြစ်တဲ့အတွက်ကြောင့် တစ်ချို့ပညာသင်ဆုတွေက ဒီအချက်ကို ထိပ်ဆုံးကနေ စစ်ဆေးပါတယ်။ UN လျှောက်ထားတာသိတာနဲ့ ချက်ချင်း ကိုယ့်ရဲ့လျှောက်လွှာကို သူတို့ ဆက်မကြည့်တော့ပါဘူး။ ထပ်ပြီး ဆက်ရရင် တစ်ချို့ပညာသင်ဆုတွေက (၄)နှစ်တာ ပံ့ပိုးပေးခဲ့ရလို့ ဘွဲ့ရတဲ့အခါ အလုပ်အကြွေး (၄) နှစ်ထပ်ပြီး သက်ဆိုင်ရာ နေရာမှာအလုပ်ပြန်လုပ်ပေးရပါတယ်။ အစိုးရတွေပေးတဲ့ပညာသင်ဆုလိုပါပဲ။ သူ့ဆီမှာ သတ်မှတ်ထားတဲ့ နှစ်စုစုပေါင်း မည်မျှ ဆိုပြီး အလုပ်ပြန်လုပ်ရမယ်။ ဒီသဘောတရားပါပဲ။ တစ်ချို့ပညာသင်ဆုတွေကတော့ အရမ်းကြီး မတင်းကျပ်ပါဘူး။ ကျောင်းပြီးသွားလို့ကိုယ့်အနေနှင့် မြန်မာနိုင်ငံပဲပြန်လာလာ၊ နိုင်ငံခြား (တက်ရောက်သည့်နိုင်ငံ) မှာပဲအလုပ်ပြန်လုပ်လုပ်, လုပ်လို့ရပါတယ်။
ဒီနေရာမှာကျွန်တော်ခံယူထားတာကတော့ အတတ်နိုင်ဆုံးကိုယ်နေတဲ့နေရာကနေပြီး မြန်မာနိုင်ငံနှင့် သက်ဆိုင်တဲ့လုပ်ငန်းတွေမှာ ပြန်အကျိုးပြုနေသရွေ့ ကူညီရာရောက်နေပါတယ်ဆိုတာကို သိစေချင်ပါတယ်။ ဆိုရိုးတစ်ခုရှိပါတယ်။ ဘယ်နေရာမှာ နေထိုင်နေတာထက် ဘယ်လိုမျိုးကျင့်ကြံနေသလဲဆိုတာက အရေးကြီးတယ်မဟုတ်လား။ ဆိုတော့ ကိုယ့်အနေနှင့် ပညာသင်ဆုရပြီး ပြည်တွင်းပြန်မ၀င်နိုင်သော်ငြားလည်း ပြည်ပကနေ ကိုယ့်ရဲ့နိုင်ငံအရေးတွေကိုလုပ်နေသမျှ တာ၀န်ကျေပါတယ်ဆိုတာကိုပြောပြချင်ပါတယ်။ ဥပမာကျွန်တော်ဆိုရင် ပညာသင်ဆုလျှောက်ခင်တုန်းကတည်းကနှင့် ထိုင်းမှာနေထိုင်ပါတယ်။ ထိုင်းမှာပဲကျောင်းပြီးလို့ဘွဲ့ရပြီး အလုပ်ပြန်လုပ်တော့လဲ ထိုင်း-မြန်မာနယ်စပ်က ရွေ့ပြောင်းနှင့် refugee လူငယ်များနှင့်ဆိုင်တဲ့ပညာရေးမှာ (၃) နှစ်ဆက်တိုက်လုပ်ဆောင်ခဲ့တယ်။ ကျောင်းမတက်ခဲ့တုန်းကလဲ (၂)နှစ်လောက်လုပ်ဖူးပြီးနေပြီး။ ဆိုတော့ အကြမ်းဖျင်း (၅)နှစ်လောက် အကျိုးအမြတ်မယူဘဲလုပ်ခဲ့တယ်ဆိုလို့ရတယ်။ ယခုဘွဲ့လွန်တက်နေရင်းနှင့်လည်း တစ်ဖက်မှာ လူငယ်တွေအတွက် အွန်လိုင်းအထက်တန်း ပညာရေးကို တဖက်ကနေလုပ်နေတယ်။ ဆိုတော့ ကျွန်တော်ခံယူထားတာကတော့ မည်သည့်နေရာမှာနေထိုင်ပါစေ ကိုယ်တတ်နိုင်တဲ့ဘက်က နိုင်ငံရဲ့ယိုပေါက်တွေကို ပြန်ကူနေဖို့ပဲလိုတယ်။ ငွေအားဖြင့် (သို့) ပညာအားဖြင့်ပါ၀င်နေသမျှ အထောက်အကူဖြစ်နေတယ်ဆိုတာလက်ခံလို့ရပါတယ်။
(ဃ) အကျင့်စာရိတ္တကောင်းပြီး ရည်မှန်းချက်ကြီးတဲ့သူ
ကိုယ့်ရဲ့ ထောက်ခံစာတွေနှင့် ကိုယ်ဖြတ်သန်းခဲ့တဲ့ဘ၀တွေ၊ ကိုယ့်ရဲ့ ဘယ်လောက်ထိရည်မှန်းချက်ကြီးကြောင်းကို ပညာသင်ဆုအဖွဲ့က ဒီကျောင်းသားဟာ ရထိုက်ပြီးလို့် ယူဆလို့ ပညာသင်ဆုပေးလိုက်ပြီးဆိုပါစို့။ ပညာသင်ဆုဟာ ရသွားပြီးရင် တာ၀န်ကြီးတယ်လို့ပြောပါရစေ။ ကိုယ်ဒူးကိုယ်ချွန်ပြီး နိုင်ငံခြားမှာ နေပြီး ပညာသင်ရတယ်၊ နေထိုင်စားသောက်ရတယ်၊ ငွေကြေးစီမံခန့်ခွဲရတယ် စသည်ဖြင့်။ လူငယ်တွေဖြစ်တဲ့အလျောက် အချုပ်အနှောင်တွေနဲ့ မနေချင်ကြဘူး။ ကျွန်တော်ဆိုလိုတာက လူငယ်တွေက လွတ်လပ်မှုကိုကြိုက်ကြတယ်၊ လက်ခံတယ်၊ ဒါပေမဲ့ ကိုယ့်ရဲ့ တာ၀န်၀တ္တရားကိုတော့ မပေါ့လျှော့ သင့်ဘူး။ ဘယ်လောက်ပဲအပျော်အပါးကြိုက်ကြိုက် အချိန်တန် ကျောင်းပုံမှန်တက်တယ်၊ စာလုပ်၊ GPA တွေထိန်း၊ စတာတွေလုပ်နိုင်ဖို့ပဲလိုတယ်။ တစ်ခုတော့ရှိတယ် GPA တွေတော့ ထိန်းထားနိုင်ပြီး ဘေးကလူတွေနဲ့ မတက်ဘူး၊ ပြဿနာတွေရှာနေတာတို့၊ ရန်တွေဖြစ်နေတာတို့ဆိုရင်လည်း ကျောင်းက လက်မခံသလို၊ ပညာသင်ဆုအဖွဲ့ကလည်း ဆက်လက်ထောက်ပံ့ပေးမှုမလုပ်တော့ဘူး။ ဒီအတွက်ကြောင့် ၀န်ခံကတိတွေ၊ စာချုပ်စာတမ်းတွေနဲ့ အရင်ကတည်းကနဲ့ လက်မှတ်ထိုးထားရတယ်။ တစ်ချို့ ပညာသင်ဆုတွေဆိုရင်တော့ ငွေတွေကို ပြန်လျှော်ရတာတို့ရှိတယ်။ ဆိုတော့ ပြောစကားနားထောင်နေတာထက် အမှားအမှန်ခွဲခြားတတ်ပြီး လုပ်သင့်လုပ်ထိုက်တာကို လုပ်နေရမယ်၊ ရင့်ကျက်မှုရှိပြီး လူကြီးလူကောင်းဆန်ရမယ်။ ကိုယ့်ရဲ့ပညာရေးကို အလှူရှင်တွေက သူတို့ရဲ့ ချွေးနှဲစာတွေနဲ့ ထောက်ပံ့ပေးထားတာကို အလွဲသုံးစားမလုပ်ဖို့အရေးကြီးတယ်။ ပညာသင်ဆုရပြီး (၁-၂)နှစ်လောက်တက်ပြီးမှ ပြုတ်သွားတဲ့ ကျောင်းသားတွေရှိတယ်။ ကိုယ့်ဘ၀ကို ကိုယ်နားလည်သင့်တယ်လို့မြင်တယ်။ ကိုယ်ပြုတ်သွားတာ ကိုယ့်တစ်ယောက်အတွက်နဲ့တင်မဟုတ်ဘူး၊ မရလိုက်တဲ့ လူတွေအတွက်နစ်နာစေတယ်။ နောက်ထပ်လျှောက်မဲ့ကျောင်းသားတွေအတွက်လဲ ပိုပြီး တင်းကျပ်မှုတွေ ခံလိုက်ရတယ် စသည့်ဖြင့် ရှေ့နောက်ထည့်တွက်ကြည့်ရပါမယ်။
ဆိုတော့ ပြန်ချုပ်ရရင် ပညာသင်ဆုဟာ လူတိုင်းအတွက်မဟုတ်ဘူးလို့မြင်နိုင်ပါတယ်။ လျှောက်ပြီးရသွားရင်လည်းနောက်ဆက်တွဲ လုပ်ရမဲ့ တာ၀န်၀တ္တရားတွေ၊ ကတိတည်မှုတွေ ရှိပါသေးတယ်။ ကိုယ့်ရဲ့ စွမ်းရည်တွေ အရည်အချင်းတွေကို စိန်ခေါ်ချင်တဲ့လူငယ်တိုင်းအတွက် နေရာရှိတယ်ဆိုတာကိုလည်း သတိပြုစေချင်တယ်။ အဓိကတော့ အခွင့်အရေးကိုယူပြီး ကိုယ့်ဘ၀အတွက် အရင်ဖြည့်ဆည်းပြီး နောက်ထပ် အကူညီလိုအပ်နေတဲ့ လူတွေ၊ နေရာတွေကို တတ်နိုင်သလောက်ပြန်ကူညီနေဖို့ပဲလိုတယ်။ တကယ်တော့ပညာသင်ဆုရတဲ့ကျောင်းသားတိုင်းမှာ ဒီတာ၀န်ရှိနေတာမဟုတ်ပါဘူး။ လူအားလုံးမှာ ကျရာတာ၀န်ကိုယ်စီရှိထားကြတာကို မြင်စေချင်ပါတယ်။
Activity-7