ဒီအပိုင်းကတော့ စျေးရောင်းတဲ့အပိုင်းလို့တင်စားလို့ရတယ်။ ကိုယ့် ရဲ့ ထုတ်ကုန်က “ကိုယ်ပဲ”ဖြစ်လို့ ပညာသင်ဆုပေးတဲ့ အဖွဲ့တွေဆီမှာ သွားပြီး ချပြရောင်းတယ်ဆိုတဲ့သဘောလို့ပဲထားပါတော့။ ဒီအပိုင်းမှာကိုယ်ကဘာကြောင့် ရွေးချယ်ခံရသင့်သလဲဆိုတာတွေကို ရှင်းပြနိုင်ရမယ်၊ ရည်မှန်းချက်ဘယ်လောက်ထိကြီးကြောင်းနှင့်တကယ့်လက်တွေ့လုပ်မယ်ဆိုတဲ့ ယုံကြည်မှုကိုပါ တည်ဆောက်ရနိုင်ပါမယ်။ ယုံကြည်မှုလို့ပြောလိုက်တာနဲ့ ကိုယ်ဘက်က တကယ်တမ်း ယခင်က အလုပ်သက်သေသာဓကတွေ လုပ်ထားလား ဆိုတဲ့အချက်နဲ့သွားဆိုင်နေပြန်တယ်။ ပိုပြီး ကိုယ့်ရဲ့ထုတ်ကုန်ကိုရောင်းထွက်ဖို့ အောက်ပါအချက်တွေကိုသိထားသင့်ပါတယ်။
ပညာသင်ဆုနှင့်သွားရောက်သင်ကြားမည့် လူငယ်များအတွက်ဒီအဆင့်က လုံး၀ စိန်ခေါ်မှုရှိစေတဲ့ အပိုင်းလို့ပြောလို့ရပါတယ်။ အဓိကတော့ ကိုယ့်ရဲ့ ဦးတည်ချက် နှင့် ရည်မှန်းချက်ပန်းတိုင်တွေကိုရှင်းလင်းတိကျမှု ရှိပြီး သိထားပြီးလား ဆိုတာပြန်မေးပါ။ ကိုယ်ကသူများတွေလျှောက်တဲ့လမ်းကြောင်းကို သွားနေစရာမလိုဘူး။ ကိုယ့်ရဲ့စိတ်ကြိုက် လုပ်ချင်တဲ့ တက်ချင်တဲ့ ဘာသာရပ်ကိုသိမယ်၊ တစ်နေ့ ကိုယ်ဘာအလုပ်နဲ့ အသက်မွေး၀မ်းကြောင်းပြုမလဲဆိုတာတွေကိုသိမယ်ဆိုရင် တော်တော်လေး ဆရာကျနေပြီးလို့ပြောလို့ရတယ်။ လူငယ်တွေရဲ့သဘာ၀က စိတ်များတယ်၊ ကြီးပြင်းရာပတ်၀န်ကျင်းမတူကြဘူး။ ဟိုလူပြောလိုက်လို့စိတ်ယောင်သွားတယ်၊ ဒီလူပြောလိုက်လို့ စိတ်ပါသွားတယ်၊ ပြီးရင်လုပ်ချင်ကြတာကလည်း များတယ်။ စမ်းသပ်ချင်ကြတယ်။ ဒီလိုဖြစ်နေတာကလည်း ပြုစုပျိုးထောင်းပေးရမည့် ပတ်၀န်းကျင်မရှိနေတာကလည်း ပြဿနာလို့မြင်မိတယ်။ အထက်တန်းရောက်သည်အထိ ကျောင်းပြီးသွားရင်ဘာနဲ့ ဆက်တက်မလဲ မသိဖြစ်နေကြတာ ဒုနဲ့ဒေးပါပဲ။ အိမ်ကတော့ လိုရာဆွဲယူပြီး သူတို့ ဖြစ်စေချင်တဲ့ လူ၊ လုပ်စေချင်တဲ့ အလုပ်တွေကိုသာ လုပ်ခိုင်းကြတယ်။ တကယ်က သားသမီးဘာလုပ်ချင်သလဲ ဖြစ်ချင်သလဲ မေးသင့်ပါတယ်။ သူတို့က သိပြီးမှ မိဘတွေအနေနဲ့လိုအပ်တဲ့ အကူအညီ၊ ဖြည့်ဆည်းပေးမှုတွေကို လုပ်ပေးနိုင်မယ်။ မျိုးရိုးက ဆရာ၀န်ဖြစ်လို့၊ အင်ဂျင်နီယာဖြစ်လို့ နောက်တက်လာတဲ့ သားသမီးတွေလဲ ဒီအတိုင်းလိုက်ရမယ်ဆိုတာ မရှိတော့ဘူး။ ခေတ်ကာလရဲ့လိုအပ်ချက် နှင့် ၀င်ဆံ့နိုင်မှုက အမြဲပြောင်းလဲနေပါတယ်။ အဓိကတော့ ကိုယ့်အနေနဲ့ လူမှုအသိုက်အ၀န်းကို ဘယ်လိုတွေနှင့် အကျိုးပြန်ပြုနိုင်လဲပြီးရင် ကိုယ်အနေနဲ့ စိတ်၀င်စားတဲ့အလုပ်မျိုး ဖြစ်ရင်ပိုအဆင်ပြေပါတယ်။ ဒါကြောင့်ကျောင်းသားလူငယ်တွေကို အားပေးချင်တာကတော့ ကိုယ့်အနေနဲ့ ဘာတွေကိုလုပ်ချင်ကိုယ်ချင်တဲ့စိတ်ရှိလဲ ဆိုတာအရင်မေးကြည့်ပါ။ ပြီးရင်အဲ့ဒါတွေကို အလုပ်အတွေ့ကြုံယူပြီးပြီးလား… တစ်ခါတစ်လေ လုပ်ပြီးမှကိုယ်မကြိုက်နေတတ်လို့ရှိရင် ဘာတွေပြောင်းလဲလုပ်နိုင်သလဲ ကိုယ်ကိုယ့်ကိုပြန်မေးပါ။
တစ်ခုတော့ရှိတယ် ပညာသင်ဆုနှင့်သွားရမဲ့ လူငယ်တွေ အနေနှင့် ရွေးချယ်မှုကအရမ်းကြီး မများနေဘူး။ ပေးတဲ့အဖွဲ့အစည်းရဲ့ ပေးအပ်တဲ့ ဘာသာရပ် နယ်ပယ်တွေကိုပဲ ကြည့်ပြီး ရွေးချယ်လျှောက်ရတဲ့အခါ ကိုယ့်အနေ နဲ့ ရာနှုန်းပြည့် အားရမှာမဟုတ်နိုင်ဘူး။ ကျွန်တော့်တုန်းက ပညာသင်ဆုစလျှောက်တုန်းက Communication Arts နှင့်လျှောက်ခဲ့ပေမဲ့ အလုပ်အတွေ့အကြုံက သင်ကြားရေးဖြစ်နေခဲ့တဲ့အတွက်ကြောင့် အလုပ်နဲ့ ဘာသာရပ်လွဲနေခဲ့တဲ့အခါ ပထမနှစ်မှာ ပညာသင်ဆုမရလိုက်ဘူး။ ပြန်စဥ်းစားကြည့်တော့ ကိုယ့်အနေနနှင့် ကိုယ်လုပ်ချင်တဲ့အရာဖြစ်ပေမဲ့ အလုပ်အတွေ့အကြုံလက်ဆုတ်လက်ကိုင်မပြနိုင်ဘူး၊ တကယ်လည်း ဘယ်လိုကနေစလုပ်ရမလဲဆိုတာ မသိခဲ့ဘူး။ သင်ပြပြောပြပေးမဲ့ လူတွေမရှိခဲ့ဘူးပေါ့။ ဒီလိုနှင့် တစ်နှစ်ခေါက်သွားတယ်။ ခေါက်တဲ့နှစ်မှာလည်း သင်ကြားရေးအတွေ့အကြုံပဲပြန်လုပ်ဖြစ်တော့ ကိုယ့်အနေနှင့် ပညာရေးနှင့်ဆိုင်တဲ့ နယ်ပယ်ကိုယ်ပဲရွေးတော့မယ်ပေါ့လေ၊ ကိုယ်လည်း (၂)နှစ်လောက်က သင်ကြားရေးမှာပဲ လုပ်နေဖြစ်ခဲ့တာနှင့် ကိုယ်အနေထိုင် စရိုက်ကလဲ introverted ဖြစ်လို့ ပြီးရင် လူတွေကို ပြန်ပြီး တတ်ထားတဲ့ဗဟုသုတွေပြန်သင်ပေးရတာကြိုက်လို့ဖြစ်တဲ့အတွက်ကြောင့် ပညာရေးဘာသာရပ်ကို ဇောက်ချပြီးရွေးချယ်လိုက်ပါတော့တယ်။ တကယ်လည်း အဲ့ဒီနယ်ပယ်ကို၀င်ပြီးလုပ်ဖြစ်နေတဲ့အတွက်ရယ်၊ ပညာရေးက လူ့အသိုက်အ၀န်းရဲ့အခြေခံလိုအပ်ချက်ဖြစ်တာရယ်၊ လူငယ်တွေကို မြေတောင်မြောက်ပေးနိုင်တဲ့အလုပ်ဖြစ်နေတာကြောင့် ကျွန်တော့်အနေနဲ့ ရွေးချယ်မှုမှန်သွားတယ်လို့ပြောနိုင်ပါတယ်။ Communication Arts နှင့် မတက်ဖြစ်လိုက်ပေမဲ့ စာသင်တဲ့နယ်ပယ်မှာလဲ အတိုင်းအတာတစ်ခုထိ ဒီနယ်ပယ်ရဲ့ အသုံးတက်တဲ့ အချက်တွေကိုလဲဆွဲယူထည့်သွင်းနိုင်လို့ မိမိအတွက်တော့ စိတ်ချမ်းသာရာရခဲ့တယ်။ ဒီနေ့ခေတ်ပညာရေးဟာ ပိုပြီး creative, innovative ဖြစ်လာလို့ ဆရာတွေအနေနဲ့လည်း နည်းပညာပိုင်းသုံးတတ်မှု လိုအပ်လာပါတယ်။ ဆိုတော့ အနည်းနဲ့အများ ချိတ်ဆက်နေကြပါတယ်။
ကျောင်းသားတွေအနေနှင့်ဘယ်လိုဘာသာရပ်ကိုရွေးချယ်ရမလဲ ဒွိဟဖြစ်နေရင်တော့ Ikigai ဆိုတဲ့ ဂျပန်တို့ရဲ့ ဘ၀မှာ အဓိပ္ပာယ် ရှိစွာနေထိုင်နည်းကိုလေ့လာစေချင်ပါတယ်။ (Ikigai ဆိုတဲ့ စာအုပ်လဲရှိပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်းဒီစာအုပ်ကိုဖတ်ခဲ့ပါတယ်။ဖတ်ကြည့်ဖို့ညွန်းပေးပါတယ်။ မြန်မာစာအုပ်ထဲမှာဆိုရင်တော့ Dr.Phio Thi ရဲ့ပျော်ရွှင်ပါစေ စာအုပ်ထဲမှာလဲညွှန်းထားပါတယ်။ နောက်ထပ် စာရေးဆရာမောင်သန်း (မဟာဝိဇ္ဇာ) အနေနဲ့လည်းမြန်မာလိုဘာသာပြန်ပါထွက်နေပြီးလို့ကြားပါတယ်။) ဘ၀မှာ ဘက်ပေါင်းစုံကနေ အဓိပ္ပာယ်ရှိစွာနေထိုင်နိုင်မယ်ဆိုရင်အကောင်းဆုံးပေါ့။ အောက်တွင်အသေးစိတ်ဖော်ပြထားပါတယ်။
Photo: Sofiri
(က) Passion (What you love + What you are good at)
ဒီအကွက်မှာ ဆိုရင်တော့ Passion ကဘယ်ကနေဖြစ်လာသလဲဆိုရင်ကိုယ်ချစ်တဲ့အလုပ်နှင့် နဲ့ ကိုယ်လုပ်နိုင်တဲ့အလုပ် တို့ ရဲ့ပေါင်းစပ်မှုကနေဖြစ်တည်လာတယ်။ ကိုယ့်မှာ ပြင်းပြတဲ့စိတ်ဆန္ဒရှိတယ်။ ဥပမာ ဂစ်တာတီးရတာ ကြိုက်နှစ်သက်တယ်၊ စနစ်တကျနဲ့ တီးခတ်မှု၊ သင်တန်းတက်ပြီးတော့ ထပ်သင်ကြားမှုမရှိတော့ရင် ဒီအဆင့်ကနေမတက်နိုင်ဘူး။ ၀ါသနာအနေနှင့်ပဲဖြစ်သွားလိမ့်မယ်။
(ခ) Profession (What you are good at+ What you can be paid for)
အသက်မွေး၀မ်းကြောင်းအလုပ်လို့ခေါ်နိုင်ပါတယ်။ ငွေလည်း ရမယ် ကိုယ့်အနေနှင့်လည်း အလုပ်ကိုကျွမ်းကျင်တယ်။ ဒီနေရာမှာ ကိုယ်က ကြိုက်နှစ်သက်လို့လားဆိုတော့မဟုတ်ပြန်ဘူး။ ကိုယ်ကတတ်ကျွမ်းနေတာရယ်၊ ငွေရနေတာရယ်ကြောင့် လုပ်နေရတာဖြစ်တယ်။ ဥပမာ တင်းနစ် အားကစားသမားတယောက်အဖြစ်နဲ့ရပ်တည်တယ်ဆိုပါတော့၊ ဒီအလုပ်ကိုကျွမ်းကျင်တယ်၊ ပိုက်ဆံလည်း ရတယ်။ ဒါပေမဲ့ ကမ္ဘာကြီးက လိုနေလာဆိုတော့ မလိုဘူး။
(ဂ) Vocation (What you can be paid for+What the world needs)
ဒီဆုံမှတ်က ဘာကိုဆိုလိုတာလဲဆိုတော့ ပိုက်ဆံလည်းရတယ်၊ ကမ္ဘာကြီးကလည်း လိုအပ်နေတဲ့အရာဖြစ်တယ်။ တကယ်ကျွမ်းကျင်မှုရှိလားဆိုတော့မရှိဘူး။ ၀င်ငွေရနေတဲ့အတွက်ကြောင့်လုပ်ရတာဖြစ်တယ်။ ကိုယ်လည်း နှစ်သက်လာဆိုတော့မနှစ်သက်ဘူး။ ဥပမာ နေ့ကလေးထိန်းကျောင်းမှာ ဆရာလုပ်ပေးတယ်။ ကမ္ဘာကြီးကလိုအပ်နေတယ်၊ ငွေလည်း ရတယ်။ ဒါပေမဲ့ သင်ကြားရေးမှာ ကျွမ်းကျင်မှုလိုသေးတယ်။