ပညာသင်ဆုအတွက် အကြီးမားဆုံးစိန်ခေါ်မှုတစ်ခုက ပြင်ဆင်ခြင်းအပိုင်းပဲဖြစ်တယ်။ ကိုယ့်မှာလိုအပ်တဲ့ စာရွက်စာတမ်းတွေပြနိုင်ခြင်းရှိမရှိအပေါ်အများကြီး ရိုက်ခတ်သွားနိုင်တယ်။ ကိုယ်ကတကယ်အောင်မြင်ပြီးထားပေမဲ့ လက်ဆုတ်လက်ကိုင်လက်မှတ်တွေမပြနိုင်ရင်လည်းတိုးဖို့ခက်ခဲနိုင်ပါတယ်။ သက်သေအထောက်အထားက ပဓနာကျပြီး အသက်ဖြစ်လို့ပါပဲ။ ပြင်ဆင်တဲ့အပိုင်းမှာလိုအပ်ချက်တွေကို အောက်မှာ ဆက်ပြောပြထားပါတယ်။

  1. Requirements & Documents

ပညာသင်ဆုလျှောက်မည့် ကျောင်းသားတစ်ယောက်အနေနဲ့ ပညာသင်ဆုအဖွဲ့တွေက တောင်းတဲ့အချက်အလက်တွေရယ်၊ တက်မဲ့ကျောင်းက တောင်းတဲ့အချက်အလက်တွေရယ် အခြားလိုအပ်လာမဲ့ အချက်အလက်တွေရယ်ဆိုပြီး စုစည်းထားရပါမယ်။ ကိုယ့်မှာ တက်ပြီးထားတဲ့ ကျောင်းအောင်လက်မှတ်တွေ၊ အမှတ်စာရင်းတွေ၊ အင်္ဂလိပ်စာ TOEFL, IELTS, Doulingo ရမှတ် စာရင်းတွေနဲ့ ထောက်ခံစာတွေရှိထားရမှာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်အနေနဲ့ ပညာသင်ဆုမတိုင်ခင်ကြိုတင်စုဆောင်းထားရမှာဖြစ်ပါတယ်။ များသောအားဖြင့်ပညာသင်ဆုတိုင်းမှာ မဖြစ်မနေတောင်းတဲ့ အချက်အလက်တွေကတော့…

၁။ နိုင်ငံကူးလက်မှတ် (သက်တမ်းအနည်းဆုံး ၁နှစ်ရှိထားရမယ်)

နိုင်ငံကူးလက်မှတ်က လပိုင်းပဲကျန်နေရင် သက်တမ်းတိုးထားသင့်ပါတယ်။ အနည်းဆုံး ၅ လလောက်ကျန်ရင် တိုးထားလို့ရပါတယ်။ ကိုယ့်ပညာသင်ဆုလျှောက်တဲ့အခါ နိုင်ငံကူးလက်မှတ်ပါတွဲတင်ရတဲ့အတွက် သက်တမ်းကုန်ခါနီးဆိုပါက အဆင်မပြေဖြစ်နိုင်ပါတယ်။ ဒါကြောင့် မလျှောက်ခင် တိုးထားတာကိုပိုပြီး သဘာ၀ကျပါတယ်။

၂။ အထက်တန်းအောင်လက်မှတ် နှင့် အမှတ်စာရင်း/ တက္ကသိုလ်ဘွဲ့လက်မှတ် (မဟာတန်းအတွက်)

မြန်မာပြည် စနစ်ဟောင်း (၁၀)တန်း (သို့) ၁၂-တန်း အောင်လက်မှတ်နှင့် အမှတ်စာရင်းတွေရှိထားရပါမယ်။ အင်္ဂလိပ်လို (English Notary) ဘာသာပြန်ထားရပါမယ်။ ကိုယ့်အနေနဲ့ နေရာမသိပါက သက်ဆိုင်ရာ နယ်မှာ လိုက်လံစုံစမ်းနိုင်ပါတယ်။ နောက်ပိုင်းဖေ့ဘွတ်ကနေလဲ လုပ်ပေးနေတဲ့၀န်ဆောင်မှုတွေရှိနေပါပြီး။ ကိုယ့်အနေနဲ့ တက္ကသိုလ်ပထမနှစ်ပြီးထားတဲ့ကျောင်းသားဆိုရင်တော့ GED, IGCSE တို့ဖြေစရာမလိုတော့ပါဘူး။ တစ်ချို့ထိုင်းတက္ကသိုလ်တွေကတော့ မြန်မာပြည် (၁၀)တန်းနဲ့လဲ နားလည်ပြီးလက်ခံပေးတဲ့ကျောင်းတွေရှိနေပါတယ်။ သို့ပေမဲ့လည်း အချို့သော ထိုင်းတက္ကသိုလ်တွေကတော့ GED ကိုထပ်မံတောင်းတာတွေလည်းရှိပါတယ်။

၃။ ထောက်ခံစာ (၂) စောင် (Recommendation/Letter)

ထောက်ခံစာလို့ပြောလိုက်ရင် အကျင့်စာရိတ္တပိုင်းနှင့်၊ အလုပ်အကိုင်အတွေ့အကြုံ (သို့) ပညာရေးမှတ်ချက်တွေကို ထောက်ခံပြီးရေးထားတဲ့ အရာတွေကိုဆိုလိုတာဖြစ်ပါတယ်။ တစ်ချို့ပညာသင်ဆုတွေက ပညာရေးထောက်ခံချက်တစ်စောင် နှင့် အလုပ်အတွေ့ကြုံထောက်ခံချက်တွေဆိုပြီးခွဲတောင်းတတ်သလို၊ တစ်ချို့ အဖွဲ့အစည်းတွေကလည်း (၂) စောင်ဆိုရင်ရတဲ့အခါမျိုးလည်း ရှိပါတယ်။ ဒါ့အပြင် တစ်ချို့ အဖွဲ့အစည်းတွေကတော့ သူတို့ထုတ်ထားတဲ့ ထောက်ခံချက် ဖောင်ထဲမှာ ရေးထည့်ရတာမျိုးလည်း ရှိလို့ ကိုယ့်အနေနှင့် ကိုယ့်ကိုထောက်ခံချက်ပေးမဲ့ ဆရာ၊ ဆရာမ၊ အလုပ်ရှင် တို့ကို ဆက်သွယ်ထားရမှာဖြစ်တယ်။ ကျန်အချို့အခြေအနေတွေမှာကတော့ ထောက်ခံပေးမည့်သူရဲ့ အမည်၊လိပ်စာ၊ရာထူး၊ဖုန်းနံပါတ်တွေကိုသာ ဖြည့်ထားရပြီး တောင်းသူက ရေးပေးမည့်သူထံ တိုက်ရိုက်ဆက်သွယ်လာတာမျိုးလည်းရှိပါတယ်။

၄။ အင်္ဂလိပ်စာ TOEFL or IELTS, or Doulingo ရမှတ် (အမှတ်လိုအပ်ချက် နေရာအလိုက် မူတည်နိုင်)

ကျောင်းတော်တော်များများ အင်္ဂလိပ်စာရမှတ်ကိုတောင်းတဲ့အခါ မတူကြပါဘူး။ သေချာတာကတော့ များများရထားလေ ပိုကောင်းလေပါပဲ။ ကိုယ်က ရမှတ်နည်းနေရင် ကျောင်း၀င်ခွင့်မရတာတို့ ပညာသင်ဆုအဖွဲ့တွေက ဦးစားမပေးခံရတာတို့ ဖြစ်တတ်ပါတယ်။ TOEFL လို့ပြောလိုက်ရင် ကွန်ပြူတာအခြေခံဖြေဆိုရမှတ် TOEFL CBT (Computer Based Test) ကိုဆိုလိုတာဖြစ်ပါတယ်။ အနည်းဆုံးရမှတ် 550-600 ကြားလိုအပ်ပါတယ်။ အထူးသဖြင့်ပညာသင်ဆုကျောင်းသားတွေက ပိုပြီး အမှတ်တွေကိုတိုးမြှင့်တောင်းကြပါတယ်။ ဆက်လက်ပြီး TOEFL iBT (Internet Based Test) ဆိုရင် ရမှတ် 70-100 ကြားရှိထားရင် အဆင်ပြေပါတယ်။ IELTS ကတော့ အနည်းဆုံး Band Score 6, 6.5 ရထားရင်တော့ ပိုကောင်းပါတယ်။ Doulingo ဆိုရင်တော့ 95 အထက်ရထားသင့်ပါတယ်။ ဒါပေမဲ့ တစ်ချို့ကျောင်းတွေလက်မခံသေးလို့ မဖြေထားသင့်ပါဘူး။ ပိုပြီး အဆင်ပြေတာကတော့ TOEFL or IELTS တစ်ခုခုထဲကပဲ ဖြေထားရင်အဆင်ပြေပါတယ်။ တစ်ခုတော့ရှိတယ် ဒီလက်မှတ်တွေက (၂) နှစ်ခံပဲဖြစ်လို့ ကိုယ်ကျောင်းလျှောက်တဲ့အချိန်မှာ သက်တမ်းကုန်ခါနီးတာတို့ သက်တမ်းမရှိတော့တာတို့ဆိုရင်ပြန်ပြီး အသစ်ဖြေထားရပါမယ်။ ဒီလိုရမှတ် ကန့်သတ်ချက်တွေက ကိုယ်လျှောက်တဲ့ကျောင်းကပေါ်မူတည်ပြီးကွဲပြားပါတယ်။ ကံကောင်းရင်တော့ ကိုယ့်အနေနနဲ့ ဒီအင်္ဂလိပ်စာရမှတ်တွေမရှိထားပေမဲ့ ကျောင်းရဲ့ ၀င်ခွင့် English Profiencicy Exam ကိုဖြေလို့အောင်ရင်တော့ ၀င်ခွင့်ရနိုင်ပါတယ်။ ဒါပေမဲ့ ပညာသင်ဆုတွေကတော့ အားလုံးလိုအပ်တဲ့အချက်အလက် တွေရှိထားတဲ့ကျောင်းသားတွေကိုပိုပြီး ဦးစားပေးလို့ ကိုယ့်အနေနဲ့ထိုမှတ်တမ်းမှတ်ရာတွေ ရှိထားရင်ပိုကောင်းပါတယ်။

၅။ ကျန်းမာရေး ဆေးစစ်လက်မှတ် (Medical Certificate)

ဆေးစစ်လက်လက်မှတ်တွေက ကျောင်းအတော်များများတောင်းကြပါတယ်။ အထူးသဖြင့် ပညာသင်ဆုနဲ့လာမည့် ကျောင်းသားတွေ ရောဂါအခံဘာတွေရှိသလဲ၊ စာတွေလိုက်နိုင်ပါ့မလား၊ စသည်ဖြင့် ထည့်တွက်ရလို့ ဒီလက်မှတ်တွေလိုအပ်ပါတယ်။ ကိုယ့်အနေနဲ့ ကျန်းမာရေးနှင့်ဆိုင်တဲ့ ဘာသာရပ်တွေတက်မယ်ဆိုရင်တော့ ပိုပြီးအသေးစိပ်စစ်ဆေးရတာတွေရှိပါတယ်။ ဆေးစစ်လက်မှတ်ကလဲ ၁ နှစ်အတွင်းအနည်းဆုံးရှိထားသင့်ပါတယ်။ ပိုကောင်းတာကတော့ ၆ လ သို့ မလျှောက်ခင်ပြန်ပြီးစစ်ဆေးတာတို့လုပ်ထားနိုင်ပါတယ်။ ဆရာ၀န်လက်မှတ်မပါမဖြစ် ပါရမှာမို့ သေချာစေဖို့ ဆေးရုံကြီး တွေမှာသာစစ်ဆေးသင့်ပါတယ်။ ဆေးစစ်လက်မှတ်ကလည်း အင်္ဂလိပ်လိုဖြစ်နေရပါမယ်။ မဖြစ်ရင် English Notary ပြန်ရပါမယ်။

၆။ ရဲစခန်း ထောက်ခံစာ (သက်ဆိုင်ရာနေရာတွင်တောင်းခံနိုင်) (Police Clearence)

နိုင်ငံခြားကိုသွားရတာဖြစ်တဲ့အတွက် ရာဇ၀တ်နဲ့ မှုခင်း ရာဇ၀င်ရှင်းလင်းမှု လိုအပ်ပါတယ်။ တက်မည့်ကျောင်းပေါ်မူတည်ပြီးလိုမလို ကွာသွားလို့ requirement တွေအတိအကျစစ်ဆေးဖို့လိုပါတယ်။ ရဲစခန်းထောက်ခံစာ ကလည်း အင်္ဂလိပ်လိုဖြစ်နေရပါမယ်။ သက်ဆိုင်ရာမြို့နယ်၊ ကျေးရွာ မှာရှိမဲ့ ရဲစခန်းမှာသွားရောက်တောင်းခံနိုင်ပါတယ်။ (English Notaryပြန်ရပါမယ်)

၇။ တက္ကသိုလ်၀င်ခွင့်စာ (University Acceptance Letter)

ဒီအချက်ကတော့ ပညာသင်ဆုလျှောက်မဲ့ကျောင်းသားတွေ အရေးထားသင့်တဲ့အချက်တစ်ချက်ဖြစ်ပါတယ်။ ကိုယ်က ပညာသင်ဆုလျှောက်တဲ့အချိန်မှာ ကျောင်း၀င်ခွင့်စာမရသေးပဲလျှောက်ထားရင် ပေးတဲ့အဖွဲ့က ကိုယ့်ကိုစိတ်ချနိုင်မလားဆိုတာရှိပါတယ်။ ဒါကြောင့်ကိုယ် လျှောက်တဲ့အချိန်ကတည်းကနဲ့ ကျောင်း၀င်ခွင်စာ မပြနိုင်သေးရင်တောင် ကျောင်းလျှောက်ထားဆဲ အချိန်ဖြစ်နေရပါမယ်။ လုံး၀ကျောင်း မလျှောက်ရသေးရင် ပညာသင်ဆု ရဖို့ ဦးစားပေးအဆင့်ကနေ ချခံရနိုင်ပါတယ်။ ဒါကြောင့် လုံး၀ကျောင်းလက်ခံစာရှိထားရင် ပိုပြီးစိတ်ချရပါတယ်။

၈။ CV/Resumes

ကိုယ့်ရဲ့အလုပ်အတွေ့ကြုံနှင့် ပညာအရည်အချင်းများ၊ စွမ်းရည်များ၊ ၀ါသနာများအားလုံးကို Professional ကျကျရေးပြထားတဲ့ ကိုယ်ရေးအကျဥ်းလို့ပြောလို့ရတယ်။ CV, Resume တွေက ကျောင်းလျှောက်တဲ့အခါ၊ အလုပ်လျှောက်တဲ့အခါ နှင့် ဗီဇာလျှောက်တဲ့အခါတွေမှာလိုအပ်တဲ့အရာတွေဖြစ်ပါတယ်။ ကိုယ့်အနေနဲ့ အနည်းနဲ့အများလုပ်တတ်အောင်လေ့လာပြီး ပြင်ဆင်ထားသင့်ပါတယ်။ ဥပမာ www.canva.com ကိုသွားပြီး နှစ်သက်ရာ tempelate တွေမှာ စိတ်ကူးယူပြီးလုပ်နိုင်ပါတယ်။ အကောင့်မဖွင့်ရသေးရင်တော့ အကောင့်ဖွင့်ဖို့လိုပါလိမ့်မယ်။

၉။ ပတ်စပို့ဆိုဒ် ဓာတ်ပုံ

အနည်းဆုံး (၆) လအတွင်းရိုက်ထားတဲ့ ပတ်စပို့်ဆိုဒ် ဓာတ်ပုံ တစ်ပုံလိုပါတယ်။ ကိုယ်အနေနှင့် လျှောက်လွှာတင်တဲ့အခါမှာ တွဲပြီးပို့ရမဲ့ အတွက် digitally ကွန်ပြူတာထဲမှာ ရှိထားဖို့လိုပါမယ်။

၁၀။ Cover Letter, နှင့် Personal Statement Letters

Cover Letter ဆိုတာ အလုပ်လျှောက်တဲ့အခါ၊ ပညာသင်ဆုလျှောက်တဲ့အခါ၊ ကျောင်းလျှောက်တဲ့အခါတွေမှာ ပေးရတဲ့စာရွက်စာတမ်းဖြစ်ပါတယ်။ အဓိကဒီထဲမှာ ကိုယ့်ဘယ်သူလဲ ဘာလုပ်လဲ၊ ဘာကြောင့် လျှောက်တာလဲဆိုတာတွေကို အကျဥ်းချုပ်ရေးပြထားတာဖြစ်ပါတယ်။ ကိုယ့်အနေနှင့် လိုအပ်တဲ့အချက်အလက်တွေ ထပ်တင်ပြဖို့ လိုနေကြောင်း ဥပမာ ကျောင်းလျှောက်ထားဆဲဖြစ်နေပါက ထိုအကြောင်းကို ထည့်သွင်းရေးရပါတယ်၊ ဘယ်လို အချက်အလက်၊ စာရွက်စာတမ်းကိုတော့ဖြင့် လက်ရှိမှာမရနိုင်သေးတာတို့ နောက်မှ ထပ်ရရင် ထပ်မံတင်ပြပေးမှာတို့ကို တပါတည်းရေးသားထားရပါတယ်။ Personal Statement အနေနဲ့ကတော့ ကိုယ့်ရဲ့ ငွေကြေးအခြေအနေဘယ်လိုရှိတာလဲတို့၊ ဒီဘာသာရပ်က ဘယ်လောက်ထိ ကိုယ့်အတွက် တက်ဖို့အရေးကြီးတာတို့၊ ကိုယ့်မှာ ဒီဘာသာရပ်နဲ့ ပတ်သက်ပြီးတော့ အလုပ်အတွေ့အကြုံဘယ်လောက်ရှိထားတာတို့၊ ဘာကြောင့် ဒီပညာသင်ဆု၊ ကျောင်း၀င်ခွင့် ကိုရသင့်ရထိုက်တာတို့ကို ခြုံငုံရေးပြထားတဲ့ အချက်လို့ပြောလို့ရပါတယ်။ အထက်ပါ အကြောင်းအရာကို သေချာမသိရင် Google မှာ template တွေကိုကြည့်နိုင်ပါတယ်။

(မှတ်ချက်-Cover Letter, Personal Statement Letter တို့သည် သီးသန့်ရေးရတဲ့စာတွေဖြစ်ပါတယ်။)

၁၁။ အခြားလိုအပ်သော လက်မှတ်များ (Additional Requirements)

တစ်ချို့ ကိုယ်လျှောက်မည့် ကျောင်းတွေက အထက်ပါအချက်အလက်တွေအပြင် ကိုယ်ရွေးချယ်တဲ့ဘာသာရပ်ကိုလိုက်ပြီး ဥပမာ အင်ဂျင်နီယာ၊ နည်းပညာ တန်းဆိုရင် SAT ရမှတ်တွေထပ်တောင်းပါသေးတယ်။ ဆေးလိုင်းဆိုရင်လည်း Medical College Admission Test (MCAT) ရမှတ်တွေထပ်ပေးရပါသေးတယ်။ မဟာတန်း ဆက်တက်မဲ့ကျောင်းသားတွေဆိုရင်လဲ Graduate Record Examinations (GRE) ရမှတ်တွေဖြေရတာတို့၊ မရှိထားရင် ကျောင်းကပေးတဲ့ GRE test တွေကို၀င်ဖြေရတာတို့ ရှိပါတယ်။ ဒါကြောင့် ကိုယ်တက်ရောက်မည့် ကျောင်း (သို့) ဘာသာရပ်အပေါ်မူတည်ပြီး လိုအပ်တဲ့အချက်အလက်တွေ ကွဲပြားသွားနိုင်ပါတယ်။ (တစ်ဦးတစ်ယောက်ခြင်းဆီ၏လိုအပ်ချက်ပေါ်မှာမူတည်နိုင်ပါတယ်။) ကိုယ်က ပညာသင်ဆုအပြည့်မလျှောက်ဘူးဆိုရင် ရထားပြီးသား partial scholarship financial statement စာရွက်စာတမ်းတွေက တွဲတင်ရလေ့ရှိပါတယ်။

ထပ်မံပြောပြချင်တာကတော့ ကျောင်းသားတွေရဲ့ လက်မှတ်တွေနှင့် ထပ်တူအရေးကြီးတာကတော့ နာမည်စာလုံးပေါင်းပဲဖြစ်ပါတယ်။ အမည်နာမ နဲ့ ပတ်သက်ပြီး ပြဿနာအများကြီးတက်ကြတာပါပဲ။ အထူးသဖြင့် ပညာသင်ဆုလျှောက်မဲ့ကျောင်းသားတွေအတွက်ကိုပြောပြချင်ပါတယ်။ များသောအားဖြင့် ကျွန်တော်တို့ တွေမှာ အိမ်အမည်၊ ကျောင်းအမည်၊ တစ်ချို့ကလဲ ဆွေးမျိုးတွေခေါ်တဲ့အမည်တွေရှိတယ်။ ဆိုတော့ ဒီလိုနာမည်စုံကို ကိုယ့်ရဲ့ professional နယ်ပယ်အတွက်သုံးတဲ့အခါမျိုးမှာထည့်လို့မရဘူး။ လူတစ်ယောက်အမည်တစ်ခုနဲ့ ကိုယ့်နဲ့ဆိုင်တဲ့ အောင်လက် လက်မှတ်တွေ၊ စာရင်း အချက်အလက်တွေမှာ official အမည်အစစ်တစ်ခုနဲ့သာသုံးရမှာဖြစ်တယ်။ ဥပမာ ကျွန်တော့်အမည် Thar Htoo ဆို ဒီအမည်တစ်လုံးနဲ့ မည်သို့သော စာရွက်စာတမ်းအချက်အလက်တွေမှာမဆို ထပ်တူကျမှုရှိနေရမယ်။ စာလုံးပေါင်းတစ်လုံးတောင် လွဲလို့မရပါ။ လွဲသွားရင်ဒါသည် လူနှစ်ယောက်အသွင်ဖြစ်သွားပါလိမ့်မယ်။ တစ်ချို့မြန်မာအမည်တွေမှာ Tun ကို Htun နဲ့ ပေါင်းကြတယ်။ Khaing, နှင့် Khai, Pyit နဲ့ Pyae ဆိုပြီး အသံတူထွက်တော့ ကိုယ်တကယ်ပေါင်းမဲ့ စကားလုံးကို ပတ်စပို့လုပ်တဲ့အခါမျိုးမှာ အတိအကျနဲ့ ပေးထားသင့်တယ်။ မြန်မာမှတ်ပုံတင် နဲ့ ပတ်စပို့ကြားမှာလွဲချော်မှုတွေမဖြစ်အောင် အထူးဂရုစိုက်ရမယ်။ ဒီ့အတွက်ကြောင့် ကျောင်းသားတွေအနေနဲ့ အမည်နာမ အပိုင်းကိုတစ်သွေမတိမ်း လိုက်နာရပါမယ်။ မှားသွားယုံနဲ့ ကိုယ့်ဆိုတဲ့လူမဟုတ်တော့ဘူး၊ ကိုယ်တိုင် တက်ထားဖူးတဲ့သင်တန်းတို့ ကျောင်းတို့မှာ ပြီးထားရင်တောင် အမည်လွဲသွားတာနဲ့ ကိုယ့်ဟာမဟုတ်တော့ဘူး။ ပြန်ချုပ်ရရင်တော့ ပညာသင်ဆုလိုဟာမျိုး၊ အလုပ်လျှောက်တာမျိုး၊ နဲ့ အခြားသော တရား၀င်လုပ်ငန်းဆောင်တာတွေမှာ ပါ၀င်ပတ်သက်နေသမျှကာလပတ်လုံး အမည်နာမလွဲချော်မှုမဖြစ်ဖို့အရေးကြီးတယ်။ ကိုယ့်ရဲ့အမည်နာမတွေနဲ့ ဖြစ်နေထားရပါမယ်။

ဒီလောက်ဆိုရင်တော့ ပိုပြီးရှင်းသွားပြီးလို့ယုံကြည်ပါတယ်။ ဒါကြောင့် ကိုယ့်အနေနဲ့ ကိုယ်သွားမည့် ကျောင်း၊ လျှောက်မည့် ပညာသင်ဆု နှင့် ဘာသာရပ်တွေအပေါ်မူတည်ပြီး လိုအပ်ချက်တွေ ကွဲပြားနိုင်တာမို့ ပညာသင်ဆုလျှောက်မယ်ဆိုရင် အနည်းဆုံး (၆) လ (၁) နှစ်ပြင်ဆင်ထားသင့်ပါတယ်။ ဒါမှလိုအပ်တဲ့ အချက်အလက်တွေ (ဘာသာစကားတွေ,အရည်အချင်းတွေပါ) တွေစုဆောင်းချိန်အလုံအလောက်ရှိပြီး ဖြည့်ဆည်းပေးနိုင်မှာဖြစ်တယ်။

  1. University Admission Process

ဒီအပိုင်းကတော့ ကိုယ်တက်ရောက်မဲ့ ကျောင်းကို၀င်ခွင့်ရအောင်လျှောက်တာပဲဖြစ်တယ်။ များသောအားဖြင့် ထိုင်းတက္ကသိုလ်တွေမှာ ၀င်ခွင့်ရာသီတွေမတူညီကြပါဘူး။ တစ်ချို့ ကျောင်း အများစုက နှစ်စဥ် သြဂုတ်လ၊ ဇန်န၀ါရီလတွေမှာကျောင်းဖွင့်ကြသလို၊ တစ်ချို့ကျောင်းတွေကလည်း တစ်နှစ်တာအတွင်းမှာ (၃-၄) ကြိမ်လောက်လက်ခံပေးတာတွေလည်း ရှိပါတယ်။ ဥပမာ Assumption University ဆိုရင် သြဂုတ်၊ ဇန်န၀ါရီ၊ ဇွန်၊ နို၀င်ဘာလ တွေမှာ၀င်ခွင့်တွေဖွင့်ထားပါတယ်။ ဒါကြောင့်ကိုယ်တက်ရောက်မည့် ကျောင်းကို မလျှောက်ခင်ထောက်လှမ်းထားသင့်ပါတယ်။ ကျောင်း၀င်ခွင့်လျှောက်တဲ့နေရာမှာ လိုအပ်ချက်တွေက Requirements & Documents အပိုင်းမှာပြောခဲ့ပြီးဖြစ်ပါတယ်။ ကိုယ့်အနေနဲ့ ကိုယ်တိုင်အီးမေးလ်ကနေဖြစ်စေ ကိုယ့်ကိုလျှောက်ပေးတဲ့သူရဲ့ အီးမေးလ်ကဖြစ်စေ လျှောက်ထားလို့ရပါတယ်။ အဓိကတော့ လျှောက်ပြီးသွားရင် ကိုယ့်ရဲ့ အီးမေးလ်တွေကို စစ်ပြီး တစ်ခြားလိုအပ်တဲ့ စာရွက်စာတမ်းထပ်တောင်းတာတို့ နောက်တစ်ဆင့်ထပ်ဖြေဆိုရမှာတို့ ဥပမာ အင်တာဗျူးတွေထပ်ဖြေဆိုရတဲ့ အတန်းတွေရှိပါတယ်။

တစ်ခုတော့ရှိပါတယ် ကိုယ်တက်မည့် ဘာသာရပ်နဲ့ဆိုင်တဲ့အတန်းက လူဦးရေကန့်သတ်ထားတာတွေရှိလို့ အတန်းလျှောက်လွှာမပိတ်ခင် ကြိုတင်လျှောက်ထားသင့်ပါတယ်။ ကျော်သွားမှ လျှောက်ရင်တော့ အတန်းမှာလူပြည့်သွားရင် နှစ်တွေထပ်ရွေ့ခံရနိုင်ပါတယ်။ အဓိကတော့ အရေးကြီးတဲ့ ကျောင်း၀င်ခွင့်နှင့်ဆိုင်တဲ့ ရက်တွေ၊လတွေကို မှတ်သား ထားသင့်ပါတယ်။

ကိုယ့်အနေနဲ့ ကျောင်း၀င်ခွင့်ရသွားရင်အပူတစ်ပူအေးရပြီးလို့ပြောလို့ရပါတယ်။ တစ်ချို့ကျောင်းတွေက ၀င်ခွင့်စာကို အီးမေးလ်ကနေပို့ပေးမဲ့ တစ်ချို့က စာရွက်အတိုင်း မိမိပေးထားတဲ့လိပ်စာကို လိပ်မူလာတတ်ပါတယ်။ ၀င်ခွင့်စာ ရပြီးတာနဲ့ ကျောင်းသားဗီဇာတွေကို စတင်လျှောက်နိုင်ပြီးဖြစ်ပါတယ်။

  1. Academic

နိုင်ငံခြားကိုကျောင်းတက် မယ်လို့ပြင်ဆင်နေပြီးကတည်းက ပညာရေးမှာ အတိုင်းအတာတစ်ခုထိ အရည်အချင်းပြည့်မီနေပြီးလို့ ယူဆပါတယ်။ အကြောင်းမှာ မြန်မာနိုင်ငံကနေထွက်ပြီးဆိုတာနဲ့ အင်္ဂလိပ်ဘာသာစကားကိုသုံးရပြီးမို့ ခုန လိုအပ်တဲ့ အထောက်အထားတွေပြနိုင်လင့်ကစား ကျောင်းတက်ခွင့်ရသွားပြီးဆိုရင် လုပ်ရတော့မဲ့ အိမ်စာတွေ၊ ပရောဂျက်တွေ၊ တင်ဆက်မှုတွေ အများကြီးကို အင်္ဂလိပ်လို ရည်လည်စွာပြောနိုင်ဆိုနိုင်ထားမှ တော်ရကျပါလိမ့်မယ်။ ဆရာတွေအနေဖြင့်လည်း နိုင်ငံခြားသားတွေဖြစ်လို့ အင်္ဂလိပ် ဘာသာစကားကို မသုံးမနေရဖြစ်ပါတယ်။ ဒါကြောင့် အနည်းဆုံး အင်္ဂလိပ်စာအရည်အချင်း upper-intermediate or advanced level ရှိထားသင့်ပါတယ်။ ဒါမှသာ ကိုယ်က စာတွေကိုနားလည်ပြီး လိုက်နိုင်မှာဖြစ်ပါတယ်။ တဖက်မှာလည်း ဒီလိုအရည်အချင်းတွေဖြင့် ပညာသင်ဆုကတောင်းတဲ့ GPA 3 လောက်ကိုထိန်းထားနိုင်မှာဖြစ်တယ်။ သေချာတာကတော့ စာပုံမှန်လုပ်နေတယ် အိမ်စာတွေထပ်နေတယ်ဆိုရင်တော့ ခုနအမှတ်တွေလောက်ရဖို့ အဆင်ပြေနိုင်ပါတယ်။ ဆိုတော့ ကိုယ့်အနေနဲ့ အင်္ဂလိပ်စာအရည်အချင်းတွေ အားမရသေးရင် အချိန်ယူပြီး ကြိုးစားပြင်ဆင်ထားသင့်ပါတယ်လို့အကြံပြုချင်ပါတယ်။ ကိုယ်တက်မဲ့ဘာသာရပ်အလိုက်လိုအပ်တဲ့ ဗဟုသုတွေလဲရှိထားမှ ကိုယ်ကပိုပြီးကျောင်းတက်ရတာလည်း ပျော်မယ်၊ စာလည်းလိုက်နိုင်ပါလိမ့်မယ်လို့ဆိုချင်ပါတယ်။

Activity-3

  1. ကိုယ့်ဆီမှာ အထက်က ပြောထားတဲ့စာရွက်စာတမ်း အချက်အလက်တွေပြည့်စုံနေပြီးလာ? ဘာတွေထပ်စုထားဖို့ကျန်သေးလဲ?
  2. တက်မည့်ကျောင်း၊နှင့်ဘာသာရပ်တွေကိုရော လေ့လာထားပြီးပြီလား? ကျောင်းကိုလျှောက်လွှာ တင်ထားပြီးပြီလား (သို့) ကျောင်း၀င်ခွင့်စာ ရထားပြီးပြီလား?
  3. ကိုယ့်ရဲ့ ပညာရေးအရည်အချင်း၊ အင်္ဂလိပ်စာစွမ်းရည်တွေကိုရော မွန်းမံထားပြီးပြီလား? မလုပ်ရသေးရင်ဘယ်လိုစလုပ်မလဲဆိုတာကို အစီအစဥ်ချထားလား?