လူငယ်တွေကို အဓိက သိစေချင်တာက ကိုယ့်အားကိုယ်ကိုး တတ်ဖို့ပါပဲ။ အကြောင်းအရာတစ်ခုခုကို ကိုယ်က မသိရင် အခြားလူတွေကို လိုက်မေးနေတာထက် ကိုယ်တိုင်ဘယ်လိုရှာဖွေရမလဲဆိုတာ သိထားသင့်ပါတယ်။ ဒါကြောင့် ပညာသင်ဆုလျှောက်မဲ့ လူငယ်တွေအနေနဲ့ အင်တာနက်ရှိရုံနဲ့ သိလိုတာတွေကို Google, Yahoo!, Bing, Ask နဲ့ အခြားသော Search Engine တွေထဲမှာ သိလိုတဲ့ စကားလုံးတွေကို ရှာဖွေနိုင်ပါတယ်။ စာအုပ်စာပေ၊ စာစောင်တွေနဲ့ ကြော်ငြာတွေမှာလည်းရှာတွေ့နိုင်ပါတယ်။ ကိုယ့်အနေနဲ့ သုတေသနလုပ်တာတွေ၊ လေ့လာ လိုက်စားတာတွေလုပ်တာမျိုးကို ကျင့်သားရအောင်လုပ်ထားတာအကောင်းဆုံးပါ။ ကိုယ်ကိုယ်တိုင်ရှာဖွေလေ့လာတဲ့အခါ ပိုတိကျပြီး မှတ်မိသွားတယ်၊ သဘောပေါက်သွားတယ်။ဒါကြောင့် ပြည်ပကို ကျောင်းသွားတက်ဖို့ပြင်ဆင်နေသူတွေလူငယ်များအတွက်ကတော့ ကိုယ်ရွေးချယ်မဲ့ ဘာသာရပ်တွေ၊ ကျောင်းတွေ နှင့် ပညာသင်ဆု အမျိုးအစားတွေကို နှံ့စပ်အောင်သိထားသင့်ပါတယ်။
ဘယ်ဘာသာရပ်တွေက ဘယ်ကျောင်းမှာပေးလဲ၊ ဘယ်လိုတွေ၀င်ခွင့်မူ၀ါဒတွေ ချမှတ်ထားသလဲ ဆိုတာ ကို research လုပ်ပါ။ ပထမဆုံး ဥပမာအနေနဲ့ဆိုရင် ကိုယ်စိတ်၀င်စားနေတဲ့ ဘာသာရပ်တွေက ဘာတွေလဲ၊ များသောအားဖြင့် မြန်မာကျောင်းသားတွေအနေနဲ့ ပြည်ပထွက်ပြီးလေ့လာသင်ယူတဲ့အခါ အချိန်ကုန် ငွေကုန် တန်အောင်ဆိုရင် အဓိကကိုယ်လည်းအထူးစိတ်၀င်စားရမဲ့ဘာသာရပ်နဲ့ တက်တာက အကျိိုးရှိတယ်၊ ထိရောက်တယ်။ ကိုယ့်အနေနဲ့ ဆေးလိုင်းလား၊ အင်ဂျင်နီယာလိုင်းလား၊ ပညာရေးလိုင်းလား၊ စီးပွားရေးလိုင်းလား၊ လူ့အခွင့်အရေးလိုင်းလား စသဖြင့် သက်ဆိုင်ရာနယ်ပယ်အလိုက်စိတ်၀င်စားတဲ့ဘာသာရပ်တွေကို လေ့လာထားတာတွေ၊ အတွေ့အကြုံယူထားတာတွေရှိထားရမှာဖြစ်တယ်။ ကိုယ်ပိုင်ငွေကြေးဖြင့် တက်မည့် ကျောင်းသားတွေအနေနဲ့ကတော့ အတွေ့အကြုံမရှိရင်တောင် အခက်အခဲသိပ်မရှိဘူး။ ကျောင်းလက်ခံစာရရင် တက်ဖို့အခွင့်အရေးရသွားပါပြီး။ သို့သော် ပညာသင်ဆုနဲ့ အားကိုးရမဲ့ ကျောင်းသားလူငယ်တွေကတော့ ကိုယ်၀ါသနာပါရာ စိတ်၀င်စားရာ ဘာသာရပ်တွေမှာ အနည်းနဲ့အများ အလုပ်အတွေ့ကြုံယူထားရပါမယ်။ ဒါမှလည်း တကယ့်စိတ်ပါ၀င်စားမှုရှိကြောင်းပြသရာရောက်မှာဖြစ်တယ်။ ဒီလိုလုပ်ခြင်းအားဖြင့် မိမိအနေနဲ့ ပညာသင်ဆုရနိုင်ချေကိုအရှိန်မြှင့်စေနိုင်တာဖြစ်တယ်။ ဒါကြောင့် ပြန်မေးရမှာက အိမ်က အဖေအမေ တက်ခိုင်းတဲ့ဘာသာရပ်ထက် ကိုယ်တိုင်စိတ်၀င်စားတဲ့ ဘာသာရပ်ကို လေ့လာပြီးတက်ပါ။ Google (သို့) အေအိုင် ChatGPT ထဲသွားပြီး ဘယ်ဘာသာရပ်က ဘာလဲ အဓိပ္ပါယ်ဘယ်လိုရှိလဲ၊ ကျောင်းပြီးရင် ဘယ်လုပ်ငန်းခွင်မှာ အလုပ်ပြန်လုပ်နိုင်သလဲ ဆိုတာကိုဆန်းစစ်ပါ။ တစ်ခုတော့ရှိပါတယ်၊ သူငယ်ချင်းတွေ အသိတွေ တက်တဲ့ဘာသာရပ်တိုင်း လိုက်တက်နေစရာမလိုသလို၊ သူများတွေနဲ့ နှိုင်းယှဥ်နေဖို့လည်းမလိုပါဘူး။ နောက်ဆုံး ထည့်တွက်ရမဲ့ အချက်တစ်ခုကျန်ပါသေးတယ်။ အဲ့ဒါက ကိုယ်လျှောက်မည့် ဘာသာရပ်ကို ပညာသင်ဆု အဖွဲ့အစည်းတွေက ပေးမပေးကိုလည်း ထည့်တွက်ဖို့လိုပါလိမ့်မယ်။ အဓိကတော့ ကိုယ်ကဘာဖြစ်ချင်တာလဲ၊ ဘယ်လို career နဲ့ ဘ၀မှာလျှောက်လှမ်းသွားချင်သလဲဆိုတာတွေကို အတိအကျသိထားရင်အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ရှာဖွေလေ့လာဖို့လိုပါတယ်။
ကိုယ်သွားတက်မဲ့ တက္ကသိုလ်ကို သိဖို့ဆိုရင်လည်း Google (သို့) ChatGPT ထဲသွားရှာပြီး ကိုယ်တက်မဲ့ကျောင်းက ဘာလိုအပ်ချက်တွေတောင်းလဲ၊ ဘယ်လို ပညာသင်ဆုအတွက်စဥ်းစားပေးသလဲ စတဲ့အချက်တွေကိုသိထားဖို့လိုတယ်။ ကျောင်းအကြောင်းကိုပြောပြီးဆိုရင် ဘက်ပေါင်စုံထည့်တွေးရမယ်လို့ယူဆပါတယ်။ ကိုယ်က နိုင်ငံကို ဦးစားပေးပြီး အဲဒီမှာရှိတဲ့ ကိုယ်တက်ချင်တဲ့ဘာသာရပ်ရှိတဲ့ တက္ကသိုလ်လား၊ ဒါမှမဟုတ် ဘာသာရပ်ကို ဦးစားပေးပြီး (rank)အဆင့်မြင့်တဲ့ တက္ကသိုလ်ကို ဦးစားပေးမှာလား၊ နောက်ဆုံး၊ ကျန်ကျငွေသက်သာပြီး ကိုယ်တက်ချင်တဲ့ဘာသာရပ်လည်းရှိတယ် အိမ်နီးချင်းနိုင်ငံတစ်ခုမှာပဲ တက်မလားပေါ့။ ဆိုတော့ ငွေတတ်နိုင်ရင် တတ်နိုင်သလို ကျောင်းတွေ၊ ဘာသာရပ်တွေ၊ နိုင်ငံတွေကို စိတ်ကြိုက်ရွေးချယ်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ပညာသင်ဆု နဲ့ သွားမဲ့ ကျောင်းသားများအတွက်တော့ စိတ်ကြိုက်နိုင်ငံနဲ့ တက္ကသိုလ်ကိုသွားဖို့ထက် ဖြစ်နိုင်မဲ့ ကုန်ကျသက်သာမဲ့ တက္ကသိုလ်ကိုသွားတာကလက်တွေကျပါမယ်။ ဥပမာ Engineering ကို စင်ကာပူသွားတက်ချင်နေပေမဲ့၊ ထိုင်းမှာပဲ စရိတ်သက်သာပြီး အတော်အသင့် ကျောင်းမှာ တက်ဖို့က ပိုပြီး လက်တွေ့ကျမယ်လို့ယုံကြည်ပါတယ်။ တခုတော့ရှိတယ် ကိုယ်လျှောက်မဲ့ ပညာသင်ဆုတွေက ဘယ်နိုင်ငံတွေကိုပေးနေလဲ၊ ဘယ်ကျောင်းတွေကိုပဲပေးလဲ ဆိုတာ လေ့လာရမှာဖြစ်တယ်။ ကျွန်တော်ရရှိခဲ့တဲ့ ပညာသင်ဆု Child’s Dream အနေနဲ့ ဆိုရင် ထိုင်းနိုင်ငံ ကိုပဲဦးစားပေးပြီး ခေါ်ပါတယ်။ အဲဒီထဲမှာတောင် ဘယ်ဘာသာရပ်၊ ဘယ်ကျောင်းဆိုတာ အတိအလင်းဖော်ပြထားလို့ ကိုယ်တက်ချင်တဲ့ဘာသာရပ်၊ ကျောင်းတွေကိုက်ညီတယ်ဆိုရင် လျှောက်နိုင်ပါတယ်။ အရင်လျှောက်ခဲ့ဖူးတဲ့ Prospect Burma ပညာသင်ဆုဆိုရင်တော့ ကျောင်းတွေ၊ ဘာသာရပ်တွေ အတိုင်းအတာတစ်ခုထိ စိတ်ကြိုက်ရွေးချယ်ခွင့်ရှိခဲ့ပါတယ်။
ပြန်ဆက်ရရင်တော့ တက္ကသိုလ်တွေ ရွေးချယ်ပြီးဆိုရင် သိထားရမှာက ၀င်ခွင့်မူ၀ါဒတွေတင်းကျပ်လား၊ လွယ်ကူလား၊ ငွေကြေးဘယ်လောက်ကုန်ကျမှုရှိလဲ၊ ကိုယ်တက်မဲ့ ဘာသာရပ်နယ်ပယ်နဲ့တွက်ရင် rank မြင့်လား၊ နေရေးထိုင်ရေးအတွက်လုံခြုံမှုရှိလား၊ ကျူရှင်ခ သက်သာခွင့် တွေရှိလား၊ ရှိရင်ဘယ်လောက် လျှော့ပေးထားလဲ။ တစ်ချို့ထိုင်းတက္ကသိုလ်တွေဆိုရင်တော့ ကျူရှင်ခ (၅၀)ရာခိုင်နှုန်းအထိလျှော့ထားပေးတယ်။ ဥပမာ Assumption University, Rangsit University, Bangkok University နဲ့ အခြားသော ထိုင်းတက္ကသိုလ်တွေကို တိုက်ရိုက်ဆက်သွယ်ပြီး ပညာသင်ဆု ရှိမရှိလျှောက်ထားနိုင်ပါတယ်။ တစ်ချို့သော ထိုင်းတက္ကသိုလ်တွေကတော့ မဟာတန်း ကိုပိုပြီး ပညာသင်ဆုပေးကြတာများပါတယ်။ ဥပမာ Chulalongkorn University, Mahidol University, Chiang Mai University, Khon Kaen University, တို့မှာ မဟာတန်းပညာသင်ဆုတွေကို ကျောင်းက တိုက်ရိုက်ပေးလေ့ရှိပါတယ်။ အဓိကတော့ ကိုယ်တက်ရောက်မဲ့ ဘာသာရပ်နဲ့ အရည်အသွေးအရ နာမည်ရတဲ့ ကျောင်းတွေကိုရွေးတက်တာကတော့ အကောင်းဆုံးဖြစ်ပါတယ်။ တက္ကသိုလ်တွေကတော့ သက်ဆိုင်ရာနယ်ပယ်အလိုက် နာမည်ကြီးကြပါတယ်။ ဆေးလိုင်းလား၊ စီးပွားရေးနဲ့လား၊ စိုက်ပျိုးရေးနဲ့ လားဆိုပြီး နာမည်တွေကြီးကြပါတယ်။ မည်သို့ပဲဖြစ်စေ ကိုယ့်မှာ ကျောင်းက တောင်းတဲ့အချက်အလက်တွေ လက်မှတ် အထောက်အထားတွေပြနိုင်ရင် ၀င်ခွင့်ရနိုင်ပါတယ်။
ဒီစာကိုဖတ်နေတဲ ကျောင်းသားအများစုက ပညာသင်ဆုကိုလျှောက်ဖို့ ရည်ရွယ်ကြသူတွေများမယ်လို့ယူဆမိပါတယ်။ ပညာသင်ဆုလို့ပြောလိုက်ရင် အမျိုးအစားတွေကွဲသွားကြပါတယ်။ ပညာသင်ဆုမလျှောက်ခင် သဘောသဘာ၀ကို သိထားဖို့လိုပါတယ်။ အချက်လေးတွေနဲ့ ပြောပြသွားချင်ပါတယ်။ Google, Internet မှာသွားလေ့လာပြီး တွေ့ရှိနိုင်တဲ့ တက္ကသိုလ်တွေက အောက်ပါအမျိုးအစားထဲကတစ်ခုခုဖြစ်နေပါလိမ့်မယ်။ (အခြားမဖော်ပြခဲ့တာတွေလည်းရှိနိုင်ပါတယ်)
၁။ အစိုးရမဟုတ်သော ပညာသင်ဆုများ
ထိုပညာသင်ဆုတွေကတော့ သက်ဆိုင်ရာအလှူရှင်တွေနဲ့ စီးပွားရေးလုပ်ငန်း အမြတ်အစွန်းတွေကနေလှူဒါန်းလို့ရလာတဲ့ အလှူငွေတွေကို အစိုးရမဟုတ်သော ပညာရေးလုပ်နေတဲ့ အဖွဲ့အစည်းတွေကို လှူဒါန်းပြီး ထိုမှတဆင့် လိုအပ်နေသည့် ကျောင်းသားများကိုပြန်လည်ပေးအပ်လေ့ရှိပါတယ်။ ဥပမာ မြန်မာကျောင်းသားအများစုကို ထိုင်းနိုင်ငံသို့ကျောင်းဆက်တက်ဖို့အတွက်ပေးလေ့ရှိတဲ့ Prospect Burma, Child’s Dream Scholarship, Institute For International Education (IIE), Cotton On Foundation, Brackett Refugee Education Fund, Daughter Rising (အမျိုးသမီးများအတွက်သာ) တို့ရှိကြပါတယ်။
၂**။ တက္ကသိုလ်ကတိုက်ရိုက်ပေးလေ့ရှိသော ပညာသင်ဆုများ**
ပညာသင်ဆုတွေကို အမြတ်အစွန်းမရသည့် အဖွဲ့အစည်းတွေကနေပေးလေ့ရှိသလို တက္ကသိုလ်တွေကလည်း နှစ်စဥ်ပေးလေ့ရှိသည့် ပညာသင်ဆုများလည်းရှိကြပါတယ်။ အထူးသဖြင့် ထိုင်းနိုင်ငံက တက္ကသိုလ်အများစုသည် အာဆီယံနိုင်ငံအဖွဲ့၀င်ကျောင်းသားများကို နှစ်စဥ် ဆယ်ဂဏန်းအထက် ပေးလေ့ရှိပါတယ်။ ထိုပေးလေ့ရှိသောကျောင်းများမှာ Chulalongkorn University, Mahidol University, Chiang Mai University, Khon Kaen University, တို့ဖြစ်ပါတယ်။ ဒီတက္ကသိုလ်တွေက Bachelor’s Degree, Master’s Degree တို့ ကိုပေးလေ့ရှိပါတယ်။ တစ်ခြားပေးအပ်တဲ့ကျောင်းတွေလည်း ရှိပါတယ်။ အစိုးရပိုင်တက္ကသိုလ်တွေက ပိုပေးလေ့ရှိပြီး ပုဂ္ဂလိက တက္ကသိုလ်တွေကတော့ ပညာသင်ဆုအပြည့်ပေးလေ့မရှိပါဘူး။ အထက်မှာပြောထားသလို ကျူရှင်ခ ၅၀ ရာခိုင်နှုန်း လျှော့ပေးတာလောက်တော့ရှိကြပါတယ်။
၃။ အခြားပေးလေ့ရှိသော ပညာသင်ဆုများ
ဒီထဲမှာတော့ အစိုးရက တိုက်ရိုက်ပေးအပ်သောပညာသင်ဆုတွေရှိသလို၊ တသီးပုဂ္ဂလ အလှူရှင်တွေကလည်း သူတို့ နိုင်သလောက်၊ အချိတ်အဆက်ရှိသလောက်ပေးလေ့ရှိပါတယ်။ မိမိအနေနဲ့ ချဥ်းကပ်နိုင်တာတို့၊ ဆက်သွယ်နိုင်တာတို့အပေါ်မူတည်ပြီး ရနိုင်ပါတယ်။ တစ်ချို့အခြေအနေတွေမှာတော့ ဆွေမျိုးသားချင်းတွေစုပြီး ပြန်ထောက်ပံ့တဲ့ အခြေအနေမျိုးလည်းရှိပါတယ်။ တစ်ချို့ပညာသင်ဆုတွေက MOU ထိုးထားတဲ့အဖွဲ့အစည်းကြားပေးအပ်တဲ့ ဆုတွေလည်း ရှိပါတယ်။
၄။ ပညာသင်ဆုနဲ့ပတ်သက်သည့် အရေးကြီးသော Dates များ
ကိုယ့်အနေနဲ့ အချက်အလက်တွေကိုရှာဖွေပြီးဆိုရင်အဓိက အရေးကြီးတာက နေ့ရက်နဲ့အချိန်ကာလပဲဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ပညာသင်ဆုတွေက အနည်းဆုံး ၁-၂ လအထိ ပြင်ဆင်မှုပေးထားပါတယ်။ ပညာသင်ဆုက အပြည့်ပေးတာလား၊ ဘယ်နှစ်ရာခိုင်နှုန်းအထိပဲပေးတာလဲ၊ ဘယ်ရက်နောက်ဆုံးထားပေးပို့ရမလဲ၊ ဘယ်အီးမေးလ်လိပ်စာသို့မူရမလဲ၊ ဘာလိုအပ်ချက်တွေနဲ့ ကိုက်ညီရမလဲဆိုတာ အတိအလင်းကြေညာထားပါတယ်။ ဒီ့မတိုင်ခင်ကတည်းက ကျောင်းသားတွေ ကြိုတင်ပြင်ဆင်ထားရလို့ ရတဲ့အချိန်အတွင်းမှာ လိုလေးသေးမရှိလိုအပ်တဲ့ စာရွက်စာတမ်း၊ အချက်အလက်တွေစုဆောင်းထားရပါမယ်။ နောက်ဆုံးရက် မတိုင်ခင် ပေးထားတဲ့အချိန်အတိအကျ မတိုင်ခင် မှာ လျှောက်လွှာတွေကို တင်ရတာဖြစ်လို့ ရက်ကျော်သွားရင်(အချိန်ကျော်သွားရင်) ကိုယ့်ရဲ့ လျှောက်လွှာကို တစ်ခါတည်းပယ်ချခံရပါတယ်။ ဒါကြောင့် နောက်ဆုံးပိတ်ရက်မတိုင်ခင် ၂-၃ ရက်ကြိုပြီး တင်ထားသင့်ပါတယ်။ နောက်ဆုံးရက်မှာတင်မယ်ဆိုရင် မီးတွေမလာတာနဲ့ အင်တာနက်မကောင်းတာတွေကြုံရနိုင်လို့ပါ။ တစ်ခါတစ်လေအွန်လိုင်းဆိုဒ်ကနေတိုက်ရိုက်တင်ရတဲ့အခါ ပိတ်ရက်မှာ ကျောင်းသားတွေလုတင်ကြလို့ ဆိုဒ်တွေဒေါင်းနိုင်ပါသေးတယ်။
ပညာသင်ဆုလျှောက်တဲ့အခါသုံးတဲ့အီးမေးလ်တွေကိုလဲအနည်းငယ်ပြောချင်ပါတယ်။ ကိုယ့်ရဲ့အမည်နဲ့ ကိုယ်သုံးတဲ့ E-mail တွေမှာ အမည်အပြည့်အစုံထည့်ထားလား၊ ကျောင်းသားတွေမှာဖြစ်တတ်တာက E-mail အမည်၊ ဥပမာ အမည်က Tun Tun ဆိုရင် ကိုယ့်ရဲ့ E-mail တွေမှာ Account တွေမှာ ထိုနာမည်စုပါရမယ်။ [email protected], [email protected] တို့ဆိုရင်အဆင်ပြေတယ်။ ဒီလိုမှမဟုတ်ပဲ [email protected] လို အခြားသောနာမည်မပါတဲ့အီးမေးလ်အကောင့်တွေ နဲ့ သွားပြီး ပညာသင်ဆုလျှောက်တာတို့ အလုပ်လျှောက်တာတို့ဆိုရင် professional မကျမှုကို မီးမောင်းထိုးပြထားသလိုဖြစ်နေတတ်ပါတယ်။
ဆက်လက်ပြီး ပညာသင်ဆု သဘောသဘာ၀တွေကို လာမည့် Chapter 7 မှာပြောပြထားပါတယ်။ ဒါ့အပြင် နောက်ဆုံးအခန်းတစ်ခုမှာ ပညာသင်ဆုလင့်ခ်တွေကို စုစည်းတင်ပြပေးထားပါတယ်။ ပြန်ချုပ်ရရင်တော့ သုတေသန များများလုပ်တဲ့ အကျင့်မွေးထားလေ ကိုယ်က လူတွေအပေါ်မှာမှီခိုမှုကင်းလေဖြစ်ပြီး ကိုယ်ဘာသာ ရပ်တည်နိုင်လာလေဖြစ်ပါတယ်။ လူတိုင်း အစပိုင်းတော့အခက်အခဲကိုယ်ဆီနဲ့ တက်သွားကြတာချည်းပါပဲ။ အထက်မှာပြောသလို Google ထဲမှာ အချက်အလက်တွေများစွာတင်ထားလို့ သတိရှိစွာနဲ့ လေ့လာနိုင်လေကိုယ့်အတွက်ပိုပြီး အကျိုးရှိလေပါပဲ။ ကိုယ့်ရဲ့စိတ်မှာ ရမယ်ဆိုတဲ့စိတ်မွေးထားဖို့နဲ့ မဆုတ်မနှစ်ကြိုးစားနေဖို့သာ လိုအပ်ပါတယ်။
Activity-2