လူတိုင်းအသက်အရွယ်တစ်ခုရောက်လာပြီးဆိုရင် လူကြီးလူကောင်းဆန်တတ်မှုက လိုအပ်လာပါတယ်။ မတူညီတဲ့နောက်ခံသမိုင်းကြောင်းရှိတဲ့လူတွေနဲ့ ဒွန်တွဲပြီးနေထိုင်လုပ်ကိုင်ရတဲ့ခေတ်မှာ ဒီလို လူကြီးလူကောင်းမပီသဘူးဆိုရင် ဘေးကိုရောက်နေနိုင်တယ်။ ကျောင်းသားတွေအနေနဲ့လည်း လူကြီးလူကောင်းဆန်မှုလိုအပ်ပါတယ်။ လူငယ်ဆိုပေမဲ့လည်း အတိုင်းအတာတစ်ခုထိလွတ်လပ်မှုရှိတယ်၊ တဖက်မှာလဲတာ၀န်၀တ္တရားတွေပါလာပြီးသားဆိုတာမမေ့သင့်ပါဘူး။ အောက်ဖော်ပြပါအချက် သုံးချက်မှာ လူကြီးလူကောင်းဆန်တတ်ဖို့ဆိုရင်ဘာတွေလိုတယ်ဆိုတာ ပြောပြထားပါတယ်။
ပညာသင်ဆုလျှောက်မည့် ကျောင်းသားတစ်ဦးမှာ မွေးမြူရမဲ့အရာက Professionalism လို့ခေါ်တဲ့ လူကြီးလူကောင်းပီသခြင်းပဲဖြစ်ပါတယ်။ Professionalism ဆိုတာ လူတစ်ယောက်မှာရှိတဲ့ အရည်အချင်း၊ စိတ်နေစိတ်ထားနှင့် ပြုမူလုပ်ဆောင်ချက်တွေပေါင်းစပ်ထားတဲ့အရာဖြစ်တယ်။ တနည်းအားဖြင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ မှာ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်နေတဲ့သူဆိုရင်လည်း မမှားပါဘူး။
လူတွေကို ကိုယ်ကဘယ်သူလဲဆိုတာ ဘယ်ပုံဘယ်နည်းနဲ့ ချပြမလဲ။ လူတွေနဲ့ပြုမူပြောဆိုတဲ့အခါမှာ ဘယ်လိုဆက်ဆံသမုပြုလဲ၊ ဘယ်လိုစိတ်ထားလဲဆိုတာ အရေးကြီးတယ်။ နောက်ပြီး အများနဲ့ ချိတ်ဆက်တဲ့အခါ၊ ဆက်ဆံတဲ့အခါ အချိန်တွေကိုလေးစားတတ်ရမယ်၊ ဥပမာ ကိုယ်ကအချိန်မီ အတန်းတက်လား၊ ချိန်းဆိုထားတဲ့အရာတွေကို နောက်ကျပြီးမှရောက်တတ်လား။ ဘယ်သူပဲနောက်ကျနေပါစေ ကိုယ်ကတော့ အတတ်နိုင်ဆုံး လူကြီးလူကောင်းဆန်အောင် လေ့ကျင့်ထားဖို့လိုအပ်ပါတယ်။ (ကိုယ်မထိန်းချုပ်နိုင်တဲ့အခြေအနေတွေမှအပ)
ဒီလို image ကောင်းတဲ့သူကို ကိုယ့်အထက်က ဆရာ၊ဆရာမတွေအနေနဲ့ လည်း ထောက်ခံချက်ရေးပေးဖို့၀န်မလေးပါဘူး။ အဲဒီလိုမှမဟုတ်ရင် ကိုယ့်အနေနဲ့ ပညာသင်ဆုလျှောက်တဲ့အခါ ထောက်ခံချက်ပေးဖို့သူ မရှိရင် မရနိုင်ပါဘူး။ ကိုယ့်ကို အပြည့်အ၀ထောက်ခံချက်ပေးပြီး တကယ်လည်း ပညာသင်ဆုရသွားတဲ့အခါ အကျင့်စာရိတ္တ ပျက်ပြားသွားလို့တော့အဆင်မပြေဘူးပေါ့။ အင်္ဂလိပ်လိုဆိုရင်တော့ ရိုးသားမှု (honesty) ဖြစ်နေတာထက် ကိုယ်ကျင့်တရား ကောင်းမွန်မှု (integrity)ရှိနေရမယ်။ ရိုးသားမှုက အပြင်ပိုင်းမြင်နေရတာ၊ စိတ်အတွင်းထဲမှာတော့ ကိုယ့်ကိုယ်ကို ပဲသိမယ်မဟုတ်လား။ ကိုယ်ကျင့်တရားကောင်းတာက ဘယ်သူတွေဘယ်လိုတွေမြင်နေပါစေ ကိုယ်က မှန်ကန်စွာနဲ့ လိပ်ပြာသန့်စွာ ဘ၀မှာဖြတ်သန်းနေတယ်ဆိုရင်လုံလောက်ပါပြီး။
ဆိုတော့ ပညာသင်ဆုလျှောက်တဲ့ကျောင်းသူ/သားတစ်ယောက် မှာရှိရမဲ့ အချက်တွေက professional ဆန်မှုနဲ့ ကိုယ်ကျင့်တရားကောင်းပြီး ကိုယ့်လမ်းကိုယ်ကြောင်းတတ်တဲ့သူဖြစ်ရမယ်။ ဒါမှလည်း ကျောင်းတက်ခွင့်ရတဲ့အခါ academic အပိုင်း၊ ငွေကြေးစီမံခန့်ခွဲမှုအပိုင်း၊ နယ်စုံကလူတွေနဲ့ ပေါင်းသင်းဆက်ဆံရေးတွေ မှာ နိုင်နင်းစွာ ပြုမူဆက်ဆံတတ်နိုင်မှာဖြစ်တယ်။ ဒီအချက်ကိုမလိုက်နိုင်ရင်တော့ ကိုယ့်အခွင့်အလမ်းတွေကို ပိတ်ဆို့ခံလိုက်တာနဲ့ တူနေနိုင်ပါတယ်။
Professional ကျောင်းသားတစ်ယောက်ဖြစ်ဖို့ဆိုရင် Skills တွေရှိထားရပါမယ်။ Skills နှစ်မျိုးရှိပါတယ်။ Soft Skills နှင့် Hard Skills ဆိုပြီးကွဲပြားပါတယ်။ Soft Skills ထဲမှာပါတဲ့ အရာတွေကတော့ အမြင်ကျယ်မှုရှိလား၊ ကိုယ်ချင်းစာတရားရှိလား၊ တာ၀န်ယူမှု တာ၀န်ခံမှု ရှိလား၊ ပြဿနာဖြစ်လာရင်ဘယ်လိုဖြေရှင်းတတ်လဲ၊ လူတွေနဲ့ ပေါင်းသင်းလုပ်ကိုင်တတ်မှုရှိလား ဒါတွေကို ကိုယ်ကမွေးမြူထားပြီးပြီလား။ ကိုယ်နေချင်တဲ့ ပုံစံနဲ့ အများနဲ့ သွားလို့အဆင်မပြေပါဘူး။ Hard Skills တွေဆိုရင်တော့ ကိုယ်က ဘယ်နယ်ပယ်တွေမှာအားသာချက်ရှိလဲ၊ ဘာသာစကား တစ်ခုထက်ပိုပြီး ကျွမ်းကျင်မှုရှိထားလား၊ Computer programsတွေ softwareတွေ သုံးတတ်လား၊ ပန်းချီဆွဲတတ်တာလား၊ content ရေးတတ်တာလား၊ ဖုန်းပြင်၊ ကွန်ပြူတာပြင်တတ်လား၊ အလုပ်တစ်ခုခုကိုလုပ်တတ်ထားလားပေါ့။ နောက်ပြီး competencies ရှိဖို့ဆိုရင် အလုပ်အတွေ့ကြုံတွေယူထားမှသာလျင် ကိုယ့်မှာ ပိုပြီး ပြဿနာနဲ့ကြုံရင်ဘယ်လိုရင်ဆိုင်မလဲ၊ အဖွဲ့အစည်းနဲ့ သွားရင်ဘယ်လို ပူးပေါင်းလုပ်ကိုင်မလဲ၊ ကိုယ်က စီမံခန့်ခွဲမှုတတ်လား၊ ဥပမာ ကျောင်းသားတွေအနေနဲ့ ကိုယ်ရဲ့ timetable, study plan, daily to do list တွေနဲ့ ကျင့်သားရနေပြီးလား။ ကိုယ့်တကိုယ်ရည်စာ နိုင်နင်းနေပြီးလားပေါ့။ များသောအားဖြင့် ကျောင်းသားတွေအနေနဲ့ ကိုယ်နဲ့ သက်ဆိုင်တဲ့ နယ်ပယ်၊ ဘာသာရပ်တွေနဲ့ ဆက်စပ်တဲ့ အလုပ်မျိုး၊ စွမ်းရည်မျိုးတွေဖြည့်ထားရင်တော့ အကောင်းဆုံးဖြစ်ပါတယ်။ ဥပမာ ကိုယ်က ပညာသင်ဆုလျှောက်တဲ့အခါမျိုးမှာ သက်ဆိုင်ရာနယ်ပယ်မှာ အနည်းဆုံး ၆ လ၊ တစ်နှစ် ရှိထားရင်တော့ ပိုပြီး ရနိုင်ခြေရှိပါတယ်။ သက်ဆိုင်ရာနယ်ပယ်လို့ပြောလိုက်ရင် ကိုယ်က စာသင်ရတာနှစ်သက်လား၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းမှာလုပ်ကိုင်ရတာကြိုက်လား၊ စီးပွားရေးနဲ့ဆိုင်တဲ့ အလုပ်မှာ စိတ်၀င်စားလား စတဲ့ နယ်ပယ်မှာ လုပ်ငန်းအတွေ့ကြုံယူပြီးပြီလား မယူရသေးရင် ဘယ်ကနေစရမလဲ…၊ လက်ရှိမှာရော ထိုအရာတွေနဲ့ ဘာတွေစလုပ်ဖြစ်နေပြီးလဲ ဥပမာ အိမ်က ကလေးတွေကို စာသင်ပြပေးနေလား၊ ရွာက ဆေးခန်းမှာ အလုပ်သင် ကူညီပေးနေလား..၊ ကိုယ့်ကိုယ်ကိုယ်ပြန်မေးကြည့်ပါ။ ဆက်လက်ပြီး အခြားဆက်စပ်အတွေ့အကြုံတွေ၊ စွမ်းရည်တွေနဲ့ လည်း ပေါင်းပြီး ဖြည့်စွက်စဥ်းစားရမှာဖြစ်တယ်။ ဒါကြောင့် Skills and Competencies ပိုရှိထားတဲ့လူ၊ ပိုပြီး အလုပ်အတွေ့ကြုံရှိထားတဲ့သူက ပညာသင်ဆုလျှောက်ထားသူတွေထဲမှာ ပိုပြီးမှ ထင်ပေါ်နေပါလိမ့်မယ်။ ဒီတော့ ကျောင်းသားတွေအနေနဲ့ ကိုယ်က ဘယ်အရာတွေကိုစိတ်၀င်စားလဲ၊ ဘာကိုလုပ်ချင်လဲ၊ ကိုယ်ဘ၀မှာ တန်ဖိုးထားမှု ကဘာတွေရှိလဲ ပြန်မေးစေလိုပါတယ်။
Professional ကျောင်းသားတစ်ယောက်မှာ ကိုယ်ကဘာလုပ်ချင်သလဲဘာကိုင်ချင်သလဲ ဆိုတဲ့အရာတွေ အနည်းနဲ့အများသိထားသင့်ပါတယ်။ ကိုယ့်ရဲ့ဘ၀မှာ အရေးကြီးတဲ့အရာကဘာလဲ၊ လူ့အသိုက်အ၀န်းကို ဘယ်လိုပြန်အကျိုးပြုချင်တာလဲ၊ ဘယ်ဘာသာရပ်က ကိုယ့်ရဲ့ ဆန္ဒနဲ့ တထပ်တည်းကျသလဲ ဆိုပြီး ပြန်မေးရမှာပါ။ ဒီလိုပြန်မေးဖို့ဆိုရင် ကိုယ့်ဘ၀မှာထားရှိတဲ့ တန်ဖိုးတွေ ထားရှိရမှာဖြစ်တယ်။ တန်ဖိုးကို သိဖို့ဆိုရင် ပထမဦးဆုံး ကိုယ့်ရဲ့ဘ၀မှာ ဘယ်အရာက ကိုယ့်အတွက်အရေးကြီးလဲ၊ ဥပမာ ကိုယ်က လူတွေကို ဘယ်လိုနည်းနဲ့ ပြန်ကူညီပေးချင်သလဲ၊ စာသင်ရင်းလား၊ ဆေးကုသရင်းလား၊ ဆွေးနွေးအတိုင်ပင်ပေးခြင်းဖြင့်လား၊ ဒီဇိုင်ဆွဲခြင်းဖြင့်လား၊ နည်းပညာဖြင့် အကူအညီပြန်ပေးခြင်းဖြင့်လား စတဲ့ နည်းလမ်းတွေကို သိပြီး တော့ လုပ်ဆောင်လို့ရပါတယ်။ ဒီမှာ မေးခွန်းရှိတာက ဘ၀မှာ အရေးကြီးတဲ့အရာကို ရှာဖွေမတတ်သေးဘူးဆိုရင်ဘယ်လိုလုပ်မလဲ၊ ဒီလိုအတွက် ဆက်ပြီး မေးလို့ရတာက ကိုယ့်မှာဘာတွေ ၀ါသနာပါလဲ၊ ကိုယ်ကဘာလုပ်ရရင် ပျော်နေလဲ၊ စိတ်တက်ကြွနေလဲ၊ အားလပ်တဲ့အခါတွေမှာ ဘာတွေလုပ်ဖြစ်လဲ၊ စိတ်၀င်စားတဲ့ အလုပ်ဆိုရင်ရော ဘာဖြစ်မလဲ ဆိုပြီး ပြန်မေး လို့ရပါတယ်။ ဥပမာ၊ ပန်းချီဆွဲခြင်း၊ စာရေးခြင်း၊ ပစ္စည်းတွေကို ပြုပြင်ခြင်း၊ ပြင်ဆင်ခြင်း၊ စတဲ့ အရာတစ်ခုခု လုပ်ဖြစ်နေလား လုပ်ရတာကြိုက်လားဆိုတာပြန်ပေးပါ။ ဒီလိုတွေ သင်ပြပြောပြဖို့ မိသားစုကမလုပ်ပေးနိုင်ဘူးဆိုရင် ဆရာတွေကို ချဥ်းကပ်ပါ။ ဒီလိုမှမဖြစ်နိုင်သေးရင် YouTube, and Online မှာ ကိုယ်တိုင် ရှာဖွေလေ့လာနိုင်ပါတယ်။
Activity-1